DVB Logo
Home
မြန်မာသတင်း
နာဂဒေတွင် ရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားခဲ့ဟု ကျန်းမာရေးဌာနက ထုတ်ပြန်
DVB
·
September 22, 2018
နာဂဒေတွင် ရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားခဲ့ဟု ကျန်းမာရေးဌာနက ထုတ်ပြန်
Donate to DVB

နာဂဒေသမှာ ရာသီတုပ်ကွေး (H1N1)ဖြစ်ပွားတဲ့ ကလေးငယ်တွေ တွေ့ရပြီး အစုလိုက် ရာသီတုပ်ကွေးဖြစ်ပွားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံးပတ်ကစလို့ ဒုံဟီးတိုက်နယ်က ဝန်ရုတ်ရွာ၊ ဟဟောင်ရွာ၊ ရှိတ်ညိုရွာ၊ ပေါ်ကွန်ရွာ၊ လန်းပန်းရွာတို့မှာ ကိုယ်ပူတာ၊ ချောင်းဆိုးတာ၊ နှာခေါင်းသွေးယိုတာနဲ့ အသက်ရှူကြပ်တာ စတဲ့ လက္ခဏာတွေနဲ့ ရောဂါဖြစ်နေကြတာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုအဆင့် ကွင်းဆင်းအဖွဲ့နဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကွင်းဆင်းအဖွဲ့တွေဟာ သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၁၁ ရက်အထိ ရာသီတုပ်ကွေးဖြစ်ပွားသူတွေကို ထပ်ရှာခဲ့ပြီး လန်းပန်းရွာ (ထုတ်ပြန်ချက်မှာတော့ လန်သန်းရွာ) မှာ လူနာ ၆၄ ယောက်၊ ပေါ်ကွန်ရွာမှာ ၂၂၈ ယောက်နဲ့ ရှန်ဟဲနုတ်ညိုရွာမှာ အယောက် ၁၀၀၊ စုစုပေါင်း ၃၉၂ ယောက်ကို တွေ့လို့ လိုအပ်တဲ့ ကုသမှုတွေပေးသလို ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ ယာယီဆေးခန်းတွေလည်း ဖွင့်ပြီး လူနာ ၂၀၀ ကျော်ကိုဆေးကုပေးခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ပေါ်ကွန်ရွာက ကလေးငယ် ၅ ယောက်နဲ့ ရှန်ဟဲနုတ်ညိုရွာက ကလေးငယ် ၄ ယောက်ရဲ့ နှာခေါင်းတို့ဖတ် နမူနာတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့ စစ်ဆေးရာ မှာတော့ ပေါ်ကွန်ရွာက ကလေးငယ် ၄ ယောက်နဲ့ ရှန်ဟဲနုတ်ညိုရွာက ကလေးငယ် ၄ ယောက်မှာ ရာသီတုပ်ကွေးရောဂါပိုး (Influenza A(H1N1)pdm09) တွေ့ရလို့ ရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားတာလို့ ဆိုပါတယ်။

ကွင်းဆင်းအဖွဲ့ဟာ အဲဒီရွာတွေမှာ ဆေးကုသပေးခဲ့သလို ရာသီတုပ်ကွေးရောဂါဟာ အသက်ရှူ လမ်းကြောင်းကတဆင့် ကူးစက်နိုင်တာကြောင့် ကျန်းမာရေးအသိပညာပေးတာနဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နန်းယွန်းမြို့နယ်အတွင်း ကျေးရွာတွေမှာ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေ သေဆုံးခဲ့တာဟာ လမ်းပန်းဆက်သွယ်မှုခက်ခဲတာ၊ ကျန်းမာရေးအသိပညာ နည်းပါးလို့ ရောဂါဖြစ်ပွား လာချိန်မှာ အချိန်မီထိရောက်တဲ့ ကုသမှုမရရှိတာ၊ အာဟာရချို့တဲ့လို့ ရာသီတုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ သေဆုံးတာလို့လည်း ထုတ်ပြန် ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၁ ရက်နောက်ပိုင်းမှာတော့  အစုလိုက် ရာသီတုပ်ကွေးရောဂါ ထပ်မံဖြစ်ပွားတာ မရှိဘူးလို့လည်း ဆိုပါတယ်။

နန်းယွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၈ ရက်အထိ ဖျားနာသေဆုံးကြတာဟာ လန်းပန်းရွာမှာ ၄ ယောက်၊ ဟချွမ်းညိုရွာမှာ ၂ ယောက်၊ ရှန်ဟဲပေါ်ကွန်ရွာမှာ တယောက် သေဆုံးတာကြောင့် နန်းယွန်းမြို့နယ်ထဲမှာ သြဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ ကလေးငယ် ၇ ယောက်သေဆုံးခဲ့ပြီ လို့ ပြောဆို ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တို့မှာလည်း နန်းယွန်းဒေသမှာ ရွာလုံးကျွတ်နီးပါး ဖျားနာသေဆုံးခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ - ပြည်သူ့ကျန်းမာရေးဦးစီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013