
မြန်မာစစ်အာဏာရှင်တပ်က အရပ်သားပြည်သူတွေအပါ် ပစ်မှတ်ထား အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာစစ်အာဏာရှင်အစိုးရသစ်လက်ထက် ကျင့်သုံးတဲ့ နည်းဗျူဟာတွေကြောင့် တိုက်ခိုက်မှုတွေ ပြင်းထန်လာတာတာနဲ့ ပတ်သက်လို့ ကမ္ဘာတဝန်း လက်နက်ကိုင်ပဋိပက္ခနေရာများနှင့် ဖြစ်စဉ် အချက်အလက်စောင့်ကြည့်လေ့လာအဖွဲ့ (ACLED) က ဇူလိုင် ၂၇ ရက်မှာ အစီရင်ခံစာ ထုတ်ပြန် ပြောပါတယ်။
စစ်အာဏာရှင်တပ်က မတ်လကစပြီး အထူးတိုက်လေယာဉ်အုပ်စုတွေနဲ့ လေကြောင်း တိုက်ခိုက်မှု တွေကို အရှိန်အဟုန်မြှင့်တင်ကာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ပိုမိုတိုးမြှင့် ပြုလုပ်လာကြောင်း၊ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၂ ကြိမ်ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ရကြောင်း၊ ဒီအထဲက ၄၀ ရာခိုင်နှုန်းနီးပါးဟာ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှာ ဖြစ်ပွားခဲ့ကြောင်း ACLED ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းက ပုဂံရှေးဟောင်းဘုရားတွေရဲ့ တဖက်ကမ်းရှိ မြစ်ခြေမြို့နယ်မှာ စစ်အာဏာရှင်တပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး အနည်းဆုံး ပြည်သူ အယောက် ၄၀ ကို သတ်ဖြတ် ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
“မြန်မာစစ်အာဏာရှင်အစိုးရဟာ မတ်လမှာ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ခဲ့ပြီးနောက်ပိုင်း အရပ်သားတွေဟာ စစ်တပ်ရဲ့ ပိုမိုဆိုးရွားလာတဲ့ ဖိနှိပ်မှုတွေနဲ့ အရှိန်အဟုန်မြှင့်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ခံနေကြရတယ်။ ဒီပြင်ဆင် ပြောင်းလဲမှုတွေမှာ တိုက်လေယာဉ် ၂ စင်းကနေ ၅ စင်းပါဝင်တဲ့ အထူးအဖွဲ့တွေကို ပုံမှန်စေလွှတ်ပြီး ပစ်မှတ်တခုတည်းကို အကြိမ်ကြိမ် လေကြောင်းကနေ တိုက်ခိုက်တာတွေ ပါဝင်တယ်"လို့ ACLED အဖွဲ့က ဆိုပါတယ်။
စစ်အာဏာာရှင် မင်းအောင်လှိုင်က သူ့ရဲ့ သစ္စာတော်ခံ ထောက်လှမ်းရေးအကြီးအကဲဟောင်း ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် အရေးပါတဲ့ မြေရှားသတ္တု ထွက်ရှိရာ နေရာတွေနဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေအပါအဝင် နယ်စပ်ဒေသတချို့သို့ စစ်ဆင်ရေး တွေကို ပြန်လည်စတင်ခဲ့သလို မြန်မာနိုင်ငံ အလယ်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာလည်း လေကြောင်းတိုက်ခိုက်၊ မြေပြင်စစ်ကြောင်းထိုး ရွာမီးရှို့ လူသတ်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ် နေတာပါ။
ဧပြီလမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ သမ္မတ ရာထူးကို ကူးပြောင်းပြီးနောက် ထိန်းချုပ်မှုကို ခိုင်မာအောင် လုပ်ဆောင်နေတာကြောင့် အရပ်သား တွေအတွက် သက်သာရာရနိုင်မဲ့ အရိပ်အယောင် မရှိသေးဘူးလို့ ACLED က ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းကျ ပြည်သူရွေးကောက်တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရထံကနေ စစ်တပ်က အဓမ္မအာဏာသိမ်းခဲ့ပြီးနောက် လူပေါင်း ၁၀၀,၀၀၀ နီးပါး သေဆုံးကာ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
စစ်တပ်ဟာ “မြေလှန်စနစ်” မီးရှို့ဖျက်ဆီးရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေပြီး ၂၀၂၁ အာဏာ သိမ်းပြီးနောက်ပိုင်း နေအိမ်ပေါင်း ၁၂၅,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အမြင့်ဆုံးဖြစ်စေဖို့ မင်္ဂလာဆောင်နဲ့ ဘာသာရေးပွဲတော်တွေလို လူမှုရေးစုဝေးရာနေရာတွေ အရပ်ဘက် အဆောက်အအုံတွေကို ပစ်မှတ် ထားတိုက်ခိုက်တဲ့ အကြမ်းဖက်နည်းဗျူဟာကို ကျင့်သုံးနေသလို စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း ဆက်လက်ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။
မေလမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အရပ်သားတွေကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်ရဲ့ နည်းဗျူဟာတွေဟာ ဖိနှိပ်မှုပြင်းထန်မှုကို လျှော့ချတာထက် ဖိနှိပ်တဲ့ ပုံစံတွေကိုသာ ပြောင်းလဲကျင့်သုံးနေတယ်လို့ ဆိုပါတယ်။
မုတ်သုံရာသီဝင်ရောက်လာတာနဲ့အမျှ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လျော့ကျသွားနိုင်ပေမဲ့ အောက်တိုဘာလ မုတ်သုံအကုန်မှာ ပြန်စတင်လာနိုင် ပြီး ၂၀၂၆ ခုနှစ် ကျန်ရှိတဲ့ကာလတလျှောက်လုံး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြို့ပြမှာလည်း စစ်တပ်က အရပ်သားတွေကို စောင့်ကြည့်ထောက်လှမ်းတာနဲ့ ဒစ်ဂျစ်တယ် နည်းပညာနဲ့ ဖိနှိပ်မှုတွေ ပိုမိုလုပ်လာပြီး “လူဦးရေစိစစ်ရေးနှင့် စောင့်ကြည့်ရေးစနစ်” (PSMS) ကို အသုံးပြုကာ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးနေပြီး စစ်တပ်ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ အွန်လိုင်းမှာ ရေးသားမှုတွေ ကြောင့် လူပေါင်း ၂၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ချင်း၊ ကရင်၊ ရခိုင်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းစတဲ့ ဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးလာ တာကို ACLED အဖွဲ့ရဲ့ အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။
ACLED အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အချက်အလက်တွေကို မီဒီယာသတင်းတွေ၊ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေကနေ စုဆောင်းထားတာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ အကြမ်းဖက်မှုတွေ မြင့်တက်နေချိန်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံတွေကို သွားရောက်ခဲ့သလို အာဆီယံနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံတာတွေ လုပ်ပြီး သံတမန်ရေးရာ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတာပါ။
လာမဲ့ သြဂုတ် ၆ ရက်ကနေ ၇ ရက်အထိလည်း ထိုင်းနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ဖို့ ရှိနေပါတယ်။










