
တရုတ်ပြည်မကြီးက အာဏာပိုင်တွေဟာ ထိုင်ဝမ်ရေလက်ကြားတလျှောက် ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ မူဝါဒ ၁၀ ခုနဲ့ အစီအမံတွေပါတဲ့ အစီအစဉ်ကို တင်ပြခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီရဲ့ ထိုင်ဝမ်လုပ်ငန်းရုံးက တနင်္ဂနွေနေ့မှာ အဲဒီ အစီအစဉ်ကို ထုတ်ပြခဲ့ပြီး ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ ရေလက်ကြားနှစ်ဖက်စလုံးက နိုင်ငံသားတွေရဲ့ ဆွေမျိုးသားချင်းနဲ့ ကောင်းကျိုးချမ်းသာကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။
ဒီကြေညာချက်ဟာ ထိုင်ဝမ်အတိုက်အခံ တရုတ်ကူမင်တန် (KMT) ပါတီက ကိုယ်စားလှယ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ချန်လိဝမ့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ ပြည်မကြီးခရီးစဉ်ကို အဆုံးသတ်နေချိန်မှာ ထွက်ပေါ် လာတာပါ။
CPC နဲ့ KMT အကြား ပုံမှန်ဆက်သွယ်ရေး ယန္တရားတခု တည်ထောင်ဖို့ ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်စလုံးက လူငယ်တွေအကြား နှစ်လမ်းသွားဖလှယ်မှုတွေကို မြှင့်တင်ဖို့ အဖွဲ့အစည်းဆိုင်ရာ ပလက်ဖောင်းတခု တည်ထောင်သွားမယ်လို့လည်း ရုံးက ကြေညာချက်မှာ ဖော်ပြပါတယ်။
ထိုင်ဝမ်နဲ့ အနီးဆုံး ပြည်မကြီးပြည်နယ်ဖြစ်တဲ့ ဖူကျန်းပြည်နယ်ရဲ့ ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ကင်မင်နဲ့ မတ်ဆုတို့နဲ့ ရေ၊ လျှပ်စစ်နဲ့ ဓာတ်ငွေ့ဖြန့်ဖြူးမှု မျှဝေရေး တွန်းအားပေးဖို့၊ အခြေအနေတွေက ခွင့်ပြုတဲ့အခါ ထိုင်ဝမ်ကျွန်းနဲ့ တရုတ်ကုန်းမကြီးကို ဆက်သွယ်ထားတဲ့ ပင်လယ်ဖြတ်ကူးတံတားတွေ တိုးမြှင့်တည်ဆောက်ဖို့ ခြေလှမ်းတွေ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ပြည်မကြီးက ပြည်နယ်မြို့တော်တွေဖြစ်တဲ့ အူရွမ်ချီ၊ ရှီးအန်း၊ ဟာဘင်၊ ကူမင်းနဲ့ လန်ကျိုးမြို့တွေဆီ လေကြောင်း ပျံသန်းမှုတွေ အပါအဝင် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး ပုံမှန်တိုက်ရိုက်လေယာဉ် ပြေးဆွဲတာတွေ အပြည့်အဝ ပြန်စဖို့ အရှိန်မြှင့်တင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
၁၉၉၂ ခုနှစ် သဘောတူညီချက်ကို လိုက်နာခြင်းနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ခြင်းဆိုင်ရာ ဘုံနိုင်ငံရေးအခြေခံပေါ်မှာ ဆက်သွယ်ရေးယန္တရားတခု တည်ဆောက်သွားမှာဖြစ်ပြီး ထိန်းသိမ်းကြပ်မတ်ရေး စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ထိုင်ဝမ်ရဲ့ စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်တွေ ပြည်မကြီးဆီ ဝင်ရောက်လာစေရေး လွယ်ကူချောမွေ့အောင် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထား ပါတယ်။
Source: Reuters










