
အရှေ့အလယ်ပိုင်း ဒေသတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာချိန်မှာ အီရန် ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က လေဆိပ်ကနေ ထွက်ခွာကြဖို့ သတိပေးပြီးတဲ့နောက် အောက်တိုဘာ ၂၈ ရက်မှာ ယီမင်နိုင်ငံ အေဒင်လေဆိပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ယီမင်အစိုးရတပ်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ ယီမင်တပ်မတော်က ဆိုပါတယ်။
ဆော်ဒီကျောထောက်နောက်ခံပြု နိုင်ငံတကာအသိအမှတ်ပြု အစိုးရရုံးစိုက်ရာ တောင်ပိုင်း ဆိပ်ကမ်းမြို့ အေဒင်မှာ နေထိုင်သူတွေကတော့ တောင်ပိုင်းယီမင်ရဲ့ အဓိကဝင်ပေါက်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အသက်သွေးကြောဖြစ်တဲ့ လေဆိပ်အနီးမှာ ပေါက်ကွဲသံ ကြားခဲ့ရတယ်လို့ ပြောပါတယ်။
တိုက်ခိုက်ခံရအပြီးမှာ လေကြောင်းလိုင်းပြေးဆွဲမှုတွေကို ရပ်ဆိုင်းလိုက်ရတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန အရာရှိ ၂ ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကူညီရေးအဖွဲ့ဆီက ရရှိတဲ့ သတင်းအရ တိုက်ခိုက်မှု မဖြစ်ပွားခင်လေးမှာပဲ ကုလသမဂ္ဂ ဝန်ထမ်းတချို့ လေဆိပ်ကနေ ထွက်ခွာသွားနိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
ဒီဖြစ်စဉ် မဖြစ်ပွားခင် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းကလည်း ကူညီရေးဝန်ထမ်းတွေ ပါဝင်တဲ့ လေယာဉ်တစင်းဟာ အေဒင်လေဆိပ်ကနေ ဂျော်ဒန်နိုင်ငံ အမ်မန်မြို့ကို ဘေးကင်းကင်းနဲ့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
ဆော်ဒီစစ်ဘက်ဆိုင်ရာ ကုန်တင်လေယာဉ်တစင်း လက်နက်တွေ လာရောက် ပို့ဆောင်နေတာကြောင့် အခုလို ဘေးလွတ်ရာ ထွက်ခွာကြဖို့ သတိပေးရတာ ဖြစ်တယ်လို့ ဟူသီ ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။ ဒီအပေါ် ဆော်ဒီအာဏာပိုင်တွေဘက်ကတော့ ချက်ချင်း တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
မြို့တော် ဆာနာနဲ့ ယီမင်အနောက်မြောက်ဘက် အများစုကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ဟာ အေဒင်လေဆိပ်ကို အရင်ကလည်း မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးပါတယ်။
သတိပေးချက် မထုတ်ပြန်ခင်ကတည်းက မြို့ရဲ့ တခြားနေရာတွေမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ကတော့ အေဒင်မြို့မှာရှိနေတဲ့ သူတို့ရဲ့ ဝန်ထမ်းတွေအားလုံး ဘေးကင်းကြတယ်လို့ အတည်ပြု ပြောကြားထားပါတယ်။
Source: Reuters











