နီပေါ-တိဘက် နယ်စပ်မှာ ဩဂုတ် ၂၆ ရက်က အကြီးအကျယ် ရေကြီးမြေပြိုရာက တောင်ကျရေ ရုတ်တရက် လွှမ်းမိုးခဲ့လို့ နီပေါနိုင်ငံဘက်မှာ လူအယောက် ၁၅၀ ကျော် သေဆုံးပြီး ခရီးသည် ရာပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ ဘီဘီစီ သတင်းဌာနက ထုတ်ပြန်ပါတယ်။
ပျောက်ဆုံးနေတဲ့ ခရီးသည်တွေထဲမှာ အိန္ဒိယက အယောက် ၁၀၀ ကျော်၊ အမေရိကန်က ၅၄ ယောက်၊ ဗြိတိန်က ၃၃ ယောက်အပြင် နီပေါနိုင်ငံသား အယောက် ၁၀၀ ကျော် ပါတယ်လို့ နီပေါခရီးသွားဘုတ်အဖွဲ့က ပြောပါတယ်။
နိုင်ငံခြားသား ၂၉၁ ယောက် အပါအဝင် ခရီးသည် ၃၈၄ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ နီပေါ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ပြောပါတယ်။
ဒီဒေသဟာ ဘုရားဖူးတွေနဲ့ တောင်တက်သမားတွေကြားမှာ ရေပန်းစားပါတယ်။ တိဘက်ဒေသဘက်ခြမ်းမှာ လူသုံးယောက်သေဆုံးပြီး ၂၆၅ ယောက် ပျောက်ဆုံးနေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
နီပေါရဲအရာရှိတွေနဲ့ စစ်တပ်ဝန်ထမ်း အမြောက်အမြား ပျောက်ဆုံးနေတဲ့အပြင် လျှပ်စစ်ဓာတ်အား လုပ်သားတွေလည်း ပျောက်ဆုံးနေပါတယ်။
ရေကြီးလို့ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်မီနဲ့ ဖြစ်ပြီးချိန် ဂြိုဟ်တုပုံရိပ်တွေကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ပါတယ်။
ဟိမဝန္တာနယ်စပ်ဒေသ ရေကြီးမှုကြောင့် နီပေါနိုင်ငံမှာ အိမ်တွေ၊ လမ်းတွေနဲ့ ဓာတ်အားပေးစီမံကိန်းတွေ ရေလွှမ်းမိုးခံခဲ့ရတာပါ။
တိဘက် အရာရှိတွေက နယ်စပ်ဖြတ်ကျော်ဂိတ်တခုကို မြေပြိုမှုဒဏ် ခံရပြီးတဲ့နောက် ဂျီရွန်ခရိုင်မှာ လူတွေပျောက်နေလို့ ထိခိုက်သေဆုံးမှုပမာဏ ကြီးမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
ဒေသတွင်းမှာ ငလျင်လှုပ်လို့ နှင်းထုပြိုကျအပြီး ရေကြီးရေလျှံတာ ဖြစ်နိုင်တယ်လို့ နီပေါ နိုင်ငံခြားရေးဝန်ကြီး ရှီဆာ ခါနယ်က လွှတ်တော်ကို ဗုဒ္ဓဟူးနေ့မှာ ပြောတယ်လို့ ကနဦးသတင်းတွေအရ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
လူဦးရေထူထပ်တဲ့ အိန္ဒိယမြောက်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ဥတ္တာ ပရာဒေ့ရှ်နဲ့ ဘီဟာပြည်နယ် တို့မှာလည်း ရေကြီးရေလျှံမှု သတိပေးချက်တွေ ထုတ်ပြန်ပါတယ်။
အဲဒီဒေသတွေမှာ နီပေါနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေပြီး မြစ်အတော်များများက တောင်တန်းတွေကနေ လွင်ပြင်တွေဆီ စီးဆင်းနေပါတယ်။
နီပေါနိုင်ငံ နူဝါကေ၀ာ့တ်ခရိုင်ရဲ့ အစိတ်အပိုင်းတချို့မှာ ရုတ်တရက် ရေကြီးရေလျှံခဲ့ပြီး ဘိုတီ ကိုရှီမြစ်ကမ်းတလျှောက်မှာ ပျက်စီးဆုံးရှုံးခဲ့တာပါ။
နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့၊ ပျောက်နေသူတွေကို "အစွမ်းကုန်" ရှာဖို့အပြင် ပိုအားကောင်းကောင်း စောင့်ကြည့်ဖို့နဲ့ ကြိုတင်သတိပေးစနစ်တွေထားဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သြဂုတ် ၂၆ ရက်မှာ တိုက်တွန်းပါတယ်။











