ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကူးစက်ပျံ့နှံ့မြန်နေတဲ့ အီဘိုလာရောဂါ ဖြစ်ပွားမှုကြောင့် သံသယရှိသူ အယောက် ၂၂၀ သေဆုံးခဲ့ပြီး ကျန်းမာရေးအရာရှိတွေဟာ ကပ်ရောဂါပျံ့နှံ့မှု အရှိန်အဟုန်ကို လိုက်မီဖို့ ရုန်းကန်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၂၅ ရက်မှာ ပြောပါတယ်။
လက်ရှိမှာ ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြုပြီးသူ ၁၀၁ ယောက်နဲ့ သေဆုံးသူ ၁၀ ယောက် ရှိတယ်လို့ မှတ်တမ်းတင်ထားပေမဲ့ တကယ်တမ်းမှာ ကူးစက်ခံရတဲ့ အတိုင်းအတာက ဒီထက်မက ပိုများနေပြီး အခုဆို သံသယရှိ လူနာ ၉၀၀ ကျော်နဲ့ သေဆုံးသူ ၂၂၀ အထိ ရှိလာပြီလို့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဒနွန်မ် ဂေဘရီယေးဆုစ်က ပြောပါတယ်။
ဒီကပ်ရောဂါဟာ အိမ်နီးနားချင်း ယူဂန္ဓာနိုင်ငံအထိပါ ကူးစက်သွားပြီး ယူဂန္ဓာမှာတော့ ပိုးတွေ့လူနာ ၇ ယောက်နဲ့ သေဆုံးသူ တယောက် ရှိနေပါပြီ။
အဓိကစိန်ခေါ်မှုကတော့ ရောဂါကူးစက်မှုကို စောစောစီးစီး မသိလိုက်ရတဲ့အတွက် ကျန်းမာရေးအဖွဲ့တွေ အနေနဲ့ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေတဲ့ အီဘိုလာ ကူးစက်ကပ်ရောဂါနောက်ကို လိုက်မမီအောင် ဖြစ်နေတဲ့ အခြေအနေပဲလို့ တက်ဒရို့စ်က ထောက်ပြခဲ့ပါတယ်။
အခုကူးစက်နေတဲ့ အီဘိုလာမျိုးစိတ်က ရှားပါးပြီး တရားဝင် အတည်ပြုထားတဲ့ ကာကွယ်ဆေး၊ ကုသဆေး မရှိသေးတဲ့ ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး WHO က လက်ရှိမှာ မိုနိုကလိုနယ်လ် အန်တီဘော်ဒီစ် (ပဋိပစ္စည်း) နှစ်မျိုးကို ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေလုပ်ဖို့ ဦးစားပေး အကြံပြုထားပါတယ်။
ရောဂါဖြစ်ပွားနေတဲ့ အီတူရီနဲ့ ကီဗူးမြောက်ပိုင်း ပြည်နယ်တွေမှာ နယ်မြေမငြိမ်မသက်ဖြစ်တာနဲ့ ဒေသခံတွေရဲ့ မယုံကြည်မှုတွေကြောင့် အခြေအနေကို ပိုဆိုးသွားစေတာပါ။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်လို့ လူပေါင်း တသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို ပြီးခဲ့တဲ့အပတ်ကလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာ နှစ်ကြိမ် ဖြစ်ခဲ့ပါသေးတယ်။
WHO ကတော့ ကွန်ဂိုနိုင်ငံတွင်း ဘေးအန္တရာယ်ရှိနိုင်ခြေအဆင့်ကို “အလွန်မြင့်မား” အဖြစ် သတ်မှတ်လိုက်ပြီး ဒေသတွင်းအဆင့်မှာတော့ “မြင့်မား” နဲ့ ကမ္ဘာ့အဆင့်မှာတော့ “နိမ့်ကျ” အဖြစ် သတ်မှတ်ထားပါတယ်။
အိမ်နီးနားချင်းနိုင်ငံတွေကိုလည်း ချက်ချင်း အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။
Source: Reuters











