နျူကလီးယားထိပ်ဖူး ထုတ်လုပ်ဖို့အတွက် သုံးနိုင်တဲ့ အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံ (HEU) တွေကို အီရန်နိုင်ငံထဲက မဖယ်ထုတ်နိုင်မချင်း အီရန်နဲ့ စစ်ပွဲ ဆက်ရှိနေမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
နေတန်ယာဟုက “မပြီးသေးပါဘူး။ ဘာလို့လဲဆိုတော့ နျူကလီးယားပစ္စည်းတွေနဲ့ သန့်စင်ပြီး ယူရေနီယံတွေကို အီရန်ထဲကနေ ဖယ်ထုတ်ပစ်ရဦးမှာပါ။ ဖျက်ဆီးပစ်ရမဲ့ ယူရေနီယံ သန့်စင်စခန်းတွေလည်း ရှိနေပါသေးတယ်” လို့ CBS ရုပ်သံမှာ ပြောခဲ့တာပါ။
ယူရေနီယံတွေကို ဘယ်လိုဖယ်ရှားမလဲဆိုတဲ့ မေးခွန်းကိုတော့ “အထဲကိုဝင်ပြီး သိမ်းယူရမှာပဲ” လို့ ဝန်ကြီးချုပ်က တုံ့ပြန်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း အီရန်နိုင်ငံထဲကို ဝင်ရောက်ဖို့ ဆန္ဒရှိနေတယ်လို့ နေတန်ယာဟုက ထုတ်ဖော်ပြောပါတယ်။
အီရန်ဘက်ကတော့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို သဘောမတူဘူးလို့ Wall Street Journal က ဖော်ပြပါတယ်။
အီရန်ဟာ နျူကလီးယားအတွက် သီးခြားဆွေးနွေးဖို့နဲ့ ယူရေနီယံတချို့ကို ဖျက်ဆီးပြီး ကျန်တာတွေကို တတိယနိုင်ငံတခုဆီ ပို့ဆောင်ဖို့ အဆိုပြုထားပါတယ်။
တကယ်လို့ အမေရိကန်က သဘောတူညီချက်ကို ဖျက်သိမ်းရင် အဲဒီယူရေနီယံတွေကို ပြန်ပေးရမယ်လို့လည်း အီရန်ဘက်က တောင်းဆိုထားတာပါ။
အီရန်ဟာ ဒုံးကျည်ထုတ်လုပ်မှုတွေကိုလည်း ဆက်လုပ်ချင်နေသေးတယ်လို့ နေတန်ယာဟုက စွပ်စွဲထားပါတယ်။
အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို အပြီးတိုင်ရပ်တန့်ဖို့ အစ္စရေးနဲ့ အမေရိကန်က မျှော်မှန်းထားပါတယ်။










