
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ထံ စက်သုံးဆီ မှောင်ခိုရောင်းချတယ်လို့ စွပ်စွဲပြီး အရပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၆ ရက် ညနေက လေးမျက်နှာမြို့နယ်၊ ရှမ်းကွင်းနဲ့ ကျားကိုက်ကွင်းက အရပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်က စက်သုံးဆီ မှောင်ခိုရောင်းချမှုနဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “ရေဘူးလေးတွေနဲ့ စက်သုံးဆီ နည်းနည်းပါးပါးရောင်းတဲ့ အရပ်သား ၂ ယောက်ကို ဖမ်းသွားတာ။ တော်လှန်ရေးတပ်တွေကို ဆီရောင်းပေးတယ်ဆိုပြီး ဖမ်းခဲ့တာ။ တော်လှန်ရေးတပ်ရောင်းဖို့မပြောနဲ့ ကိုယ်ဒေသမှာတောင် ဆီမရှိဘူး” လို့ ပြောပါတယ်။
အဖမ်းခံရသူတွေကတော့ အသက် ၃၀ ကျော်အရွယ် ကိုထွန်းလတ်နဲ့ အသက် ၄၀ အရွယ် အမျိုးသားတယောက်ဖြစ်ပြီး ဘယ်ကိုဖမ်းသွားတယ်ဆိုတာ မသိရသေးပါဘူး။
လေးမျက်နှာမြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ငွေညှစ်ချင်တာကြောင့် ဖမ်းတာလို့ပဲ ထင်တယ်။ တပ်ကဖမ်းတာဆိုတော့ ဘယ်မှာဖမ်းထားလဲ၊ တိတိကျကျ မပြောတတ်သေးဘူး။ အခုအဖမ်းခံရတဲ့ အရပ်သား ၂ ယောက်က တကယ့် ဆီဆိုင်ကြီးတွေ မဟုတ်ဘူးလေ” လို့ ပြောပါတယ်။
ရေသန့်ဘူးနဲ့ စက်သုံးဆီရောင်းတဲ့ အရပ်သားတွေကို ဖမ်းဆီးနေပေမဲ့ လေးမျက်နှာမြို့နယ်က စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ ဆီမှောင်ခိုရောင်းချတာတွေ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးအရေးယူတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။










