
ဆီးရီးယားမြို့တော် ဒမတ်စ်ကပ်စ်ရဲ့ မြို့ပြင်ရှိ ဂျာရာမာနာ ဆင်ခြေဖုံးရပ်ကွက်ကြီးမှာ မီနီဘတ်စ် တက္ကစီ တစီးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ၂ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာ ရသွားတယ်လို့ ဩဂုတ် ၆ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ ယာဉ်ပေါ်ထောင်ထားတဲ့ ဗုံးကြောင့်လို့ လုံခြုံရေး သတင်းရင်းမြစ်တခုက နိုင်ငံပိုင် အက်ခ်ဘာရီယာရုပ်သံကို ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ယာဉ်တစီးလုံး ပျက်စီးသွားပြီး အနီးအနားက အဝတ်အထည်ဆိုင်ဘက်ကို စက်ပစ္စည်း အစအနတွေ၊ မှန်ကွဲစတွေ စင်ထွက်လာခဲ့လို့ လူတွေ ထိတ်လန့်တကြား ထွက်ပြေး ခဲ့ကြရသလို ဒဏ်ရာရသူတွေကိုလည်း ဒမတ်စ်ကပ်စ် ဆေးရုံဆီ ပို့ဆောင်ပေးထား ရပါတယ်။
ဒီလုပ်ရပ်ဟာ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တဲ့ လုံးဝ ယုတ်မာ ရက်စက်တဲ့ စိတ်ဓာတ်မျိုးဖြစ်တယ်လို့ ထိခိုက်သွားတဲ့ ယာဉ်မောင်းရဲ့ ဆွေမျိုးတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဆီးရီးယားရဲ့ အစ္စလာမ်မစ် အစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံမှု တင်းမာနေတဲ့ ဒရူးဇ် အသိုက်အဝန်းအတွင်း ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုအရ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ဆူဝေးဒါပြည်နယ်တောင်ပိုင်း အကြမ်းဖက်မှုတွေကြောင့် ဒရူးဇ်နဲ့ ဘက်ဒူအင် အသိုက်အဝန်းက အရပ်သား ၁,၇၀၀ ကျော် သေဆုံးခဲ့ရပြီး ဆီးရီးယား အစိုးရတပ်တွေ၊ မျိုးနွယ်စု လက်နက်ကိုင်တွေနဲ့ ဒရူးဇ်လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြတယ်လို့ စွပ်စွဲထားပါတယ်။
Source:Reuters










