အီရန်အပေါ် အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့မှုဟာ "အပြည့်အဝ ဆက်အကောင်အထည်ဖော်သွားမှာပါ" လို့ အမေရိကန် အလယ်ပိုင်းတိုင်း ကွပ်ကဲရေးဌာန (CENTCOM) က မေ ၉ ရက်မှာ ပြောပါတယ်။
အီရန်ရဲ့ ထိပ်တန်း ဦးစားပေးတွေထဲက တခုက အမေရိကန် ရေကြောင်းဓားပြမှုကို ဟန့်တားဖို့ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတယောက်က ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်ဆိပ်ကမ်းတွေဆီ သင်္ဘောတွေ အဝင်အထွက် လုပ်တာကနေ ကာကွယ်ဖို့ ဧပြီ ၁၃ ရက်ကစပြီး မေ ၉ ရက်အထိ ကုန်သွယ်ရေးသင်္ဘော ၅၈ စင်းကို လမ်းကြောင်းပြောင်းခဲ့ပြီး ၄ စင်းကို ပိတ်ဆို့ထားခဲ့တယ်လို့ CENTCOM က X လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
အဲဒီနေ့မှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရဲ့အကြံပေး အလီ ဆာဖာရီက ဒေသတွင်းမီဒီယာတွေနဲ့ အင်တာဗျူးတခုမှာ အီရန်ရဲ့ ထိပ်တန်းဦးစားပေးတွေက လက်ရှိပဋိပက္ခကို ရပ်တန့်ဖို့၊ ပုံမှန်ဖြတ်သန်းမှုအတွက် ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အမေရိကန်ရေကြောင်းဓားပြမှုတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။
အီရန်ဟာ ဟော်မုဇ် ရေလက်ကြားမှာ အမေရိကန်ရဲ့ ရန်လိုတဲ့ လုပ်ရပ် အားလုံးကို တုံ့ပြန်ခဲ့တယ်လို့ ဆာဖာရီက ပြောပါတယ်။
အီရန်နဲ့ ဒေသတွင်း တခြားနိုင်ငံတွေကို တိုက်ခိုက်ဖို့ ဟော်မုဇ် ရေလက်ကြားကို ထပ်သုံးခွင့် အမေရိကန်ကို မပေးနိုင်ဘူးလို့လည်း သူက အလေးပေးပြောပါတယ်။










