
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ စစ်ဆေးနေတဲ့ စစ်အာဏာရှင်တပ်က ဒုဗိုလ်မှူးကြီး သိုက်ထွန်းနဲ့ ဗိုလ်မှူးဝင်းကျော်ဦးတို့ရဲ့ ထွက်ဆိုချက်ကြောင့် ဗိုလ်ချုပ်ပြည့်စုံလင်းလည်း စစ်ဆေးခံနေရတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းထဲက အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားကိစ္စတွေက ရတဲ့ငွေတွေကို တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းကို တိုင်းစစ်ဌာနချုပ်ရန်ပုံငွေ ပေးခဲ့တယ်လို့ ဒုဗိုလ်မှူးကြီးသိုက်ထွန်းနဲ့ ဗိုလ်မှူးဝင်းကျော်ဦးတို့က ထွက်ဆိုခဲ့တာကြောင့် စစ်ဆေးခံနေရတာလို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရန်ကုန် ကျားဖြန့်ကိစ္စရော အွန်လိုင်းဂိမ်းကိစ္စပါ၊ နည်းဗျူဟာမှူးနဲ့ ဗိုလ်မှူးက တိုင်းမှူးရန်ပုံငွေ ပေးရတယ်လို့ ထွက်ဆိုလို့ ဗိုလ်ချုပ်ပြည့်စုံလင်းကို ခေါ်စစ်တာ၊ ငွေပေးငွေယူကိစ္စမှာ ကစထမှူး ၅ ဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်တောင် မလွတ်ဘူး၊ တပ်ချုပ်အသစ်က အဲဒီကျားဖြန့်အုပ်စုကို ဖမ်းခိုင်းတော့ ကျားဖြန့်တွေက မင်္ဂလာဒုံတပ်နယ်ကနေ တခြားကို ပြောင်းသွားတယ်။”
စစ်အာဏာရှင်ဟောင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းကို မတ် ၂ ရက်က လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်ခဲ့ပေမဲ့ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက သွားလေရာခေါ်သွားပြီး စောင့်ကြည့်နေတယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။
မေ ၈ ရက်က ကက(ကြည်း)ရုံးမှာ ကျားဖြန့်နဲ့ အွန်လိုင်းဂိမ်းကိစ္စတွေမှာ ပါဝင်ပတ်သတ်မှု ရှိ၊ မရှိ ဗိုလ်ချုပ်ပြည့်စုံလင်းကို စတင်စစ်ဆေးခဲ့ပြီး ဆုံးဖြတ်ချက် တစုံတရာ မထွက်သေးဘူးလို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ရန်ကုန်မှာ မင်္ဂလာဒုံတပ်နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်းကိစ္စ ဟိုလေးတကျော်ဖြစ်လာပြီးနောက် အမှတ် ၂ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအကူတပ် (ရန်ကုန်) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးသိုက်ထွန်းနဲ့ စီမံအဖွဲ့ဝင် ၁ ဗိုလ်မှူးဝင်းကျော်ဦးတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
DSA ၄၀ ကျောင်းဆင်းဖြစ်တဲ့ ဗိုလ်ချုပ်ပြည့်စုံလင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် အာဏာရှင် စစ်ခေါင်းဆောင်ဟောင်းက ခန့်ခဲ့ပြီး ၂၀၂၆ မတ် ၂ ရက်မှာ လေကျင့်ရေးအရာရှိချုပ်အဖြစ် ရာထူးတိုးပေးခဲ့ပါတယ်။










