
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် ညက စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာသား ကိုယ်ဝန်ဆောင်မိခင်တယောက် သေဆုံးပြီး နောက်ထပ်လည်း လူ ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ဦး-မင်းပြား လမ်းပိုင်းပေါ်မှာရှိတဲ့ နန်းကျားကျေးရွာကို မနေ့ည ၁၁ နာရီခွဲမှာ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် တစင်းနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်ဆောင် မိခင်တယောက် သေဆုံးခဲ့ကာ နောက်ထပ်လည်း ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ မြောက်ဦးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဒါက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်း ဗုံးကြဲသွားတာဗျာ။ ဘာတပ်စခန်း၊ ဘာရုံးမှမရှိဘဲနဲ့ တမင်လာပြီးတော့ ဗုံးကြဲတိုက်ခိုက်သွားတာ။ ကျေးရွာသား ကိုယ်ဝန်ဆောင် မိခင်တဦး သေဆုံးသွားပြီးတော့ နောက်ထပ်လည်း ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိတယ်။ ဒဏ်ရာရရှိသွားတဲ့ သူတွေအထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေလည်း ပါဝင်ကြပြီးတော့ ဆေးကုသမှု ခံယူနေကြရတယ်။”
လေကြောင်းဗုံကြဲမှုကြောင့် သေဆုံးသွားသူမှာ အသက် ၃၅ နှစ်အရွယ် ဒေါ်သဲသဲမွန် ဖြစ်ပြီး နေအိမ် ၅ ဆောင်ထက်မနည်းနဲ့ ထော်လာဂျီတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက်ကလည်း မြောက်ဦးမြို့ရှိ သားဖွားဆေးရုံကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လသားအရွယ် ကလေးတယောက်နဲ့ ကျန်းမာရေးဝန်ထမ်း ၅ ယောက် သေဆုံးခဲ့ပြီး ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုတွေဟာ တရက်ထက်တရက် ပိုမိုရက်စက်လာနေပြီး ရခိုင်ပြည်သူတွေရဲ့ အသက်ရှင်သန်နိုင်ဖို့ တရက်ထက်တရက် ပိုမိုခက်ခဲလာတယ်လို့ မြောက်ဦးမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“မြောက်ဦးမှာ ၅ ရက်အတွင်း ဗုံးကြဲခံရတာ ၂ ကြိမ်ရှိပြီး အပြစ်မရှိတဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဆက်တိုက် သေဆုံးမှုရှိနေတယ်။ ဘာကြောင့် ဒီလို အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေကြရတာလဲ။ စစ်တပ်ဟာ လူသတ်နေမှုတွေဟာ တရက်ထက်တရက် ပိုမို ကြမ်းကြုတ်ရက်စက်လာနေပြီး ရခိုင်ပြည်သူတွေရဲ့ အသက်တချောင်း ရှင်သန်နိုင်ကြဖို့ အရမ်းခက်ခဲလာတယ်။”
နိုဝင်ဘာ ၄ ရက် ညကလည်း စစ်အာဏာရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအနီးက စစ်ရှောင်တွေနေတဲ့ နေရာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၅ ဆောင်ထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာ ပထမ ၅ ရက်အတွင်းမှာတင် စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ရခိုင်ပြည်နယ်မှာ အရပ်သားသေဆုံးသူ ၁၅ ယောက်အထိ ရှိလာနေပြီး ဒဏ်ရာရရှိသူဟာလည်း ၅၀ အထိ ရှိလာနေပါတယ်။











