
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ၆ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်တာကြောင့် ပြည်သူ တယောက်ထိခိုက်မိပြီး နေအိမ်ပျက်စီးတာလည်းရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
သြဂုတ် ၁၈ ရက်နေ့ တရက်တာအတွင်း ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို ဒရုန်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
" ၂ နေရာကိုလာကြဲတာရှိတယ်၊ တနေရာကို ၃ ကြိမ် ၄ ကြိမ်လောက်ကြဲတာ၊ အိမ်ထိခိုက်မိတယ်၊ လူတယောက် ထိခိုက်တယ်၊ ဖရူဆိုအရှေ့ခြမ်းရော အနောက်ခြမ်းရောကြဲတာပေါ့။”
စစ်အာဏာရှင်တပ်က စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ ဖရူဆိုမြို့နယ်က ကျေးရွာတွေထဲကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို မကြာခဏ ပြုလုပ်နေပြီး ပြည်သူသေဆုံးမှုနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိနေ ပါတယ်။
သြဂုတ် ၁၅ ရက်မှာလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်အမျိုးသားတယောက် ထိခိုက်မိခဲ့ပြီး သြဂုတ် ၅ ရက်၊ ၆ ရက်၊ ၇ ရက်တို့မှာလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တယောက်သေဆုံးခဲ့ရပါတယ်။
ဇူလိုင် ၂၁ ရက်မှာလည်း ဖရူဆိုဘက်မှာ နွားကျောင်းနေတဲ့ နွားကျောင်းသား ၂ ယောက်ကို သေနတ်နဲ့ပစ်ခတ်တာရှိခဲ့ပါတယ်။











