
မြန်မာနိုင်ငံမှာ ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ဆင်နွှဲပြီးချိန်မှာပဲ၊ သမ္မတရာထူးကို မတရားသဖြင့် ရယူထားတဲ့ မင်းအောင်လှိုင်ဟာ အကျဉ်းသား ၄,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူးနဲ့ တိုက်ဆိုင်ပြီး ပေးလိုက်တဲ့ ဒီလွတ်ငြိမ်းခွင့်ဟာ တကယ့်စေတနာနဲ့ လွှတ်ပေးတာ မဟုတ်ဘဲ နိုင်ငံရေး ဟန်ပြလုပ်ရပ်သက်သက်သာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာသုံးသပ်သူတွေက ချက်ချင်းဆိုသလို ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။
အဲဒီလွတ်ငြိမ်းခွင့်ထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦး ပါဝင်ခဲ့ပေမဲ့၊ နိုင်ငံရေးအကျဉ်းသား အများစုကတော့ သံတိုင်တွေနောက်မှာ ကျန်နေဆဲ ဖြစ်ပါတယ်။ ပွဲတော်ရက်ကာလအတွင်းမှာလည်း စစ်အာဏာရှင်တပ်တွေဟာ နိုင်ငံတဝန်းက အရပ်သားတွေကို လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်နေခဲ့ပါတယ်။
အစုလိုက်အပြုံလိုက် ဖမ်းဆီးထားမှုများကြားက ထင်ရှားသူ ၂ ဦး လွတ်မြောက်လာခြင်း
လွတ်မြောက်လာသူတွေထဲမှာ အထင်ရှားဆုံးကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံသူ သမ္မတ ဦးဝင်းမြင့်ပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့ မနက်ခင်းမှာတင် ဖမ်းဆီးခံခဲ့ရတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ စစ်အုပ်စုအကျဉ်းထောင်ထဲမှာ ၅ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့ရပါတယ်။ သူ့ကို ဖမ်းဆီးတာဟာ နိုင်ငံရေးအရ သက်သက်လုပ်ဆောင်တာလို့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပြီးနောက် ဧပြီ ၁၇ ရက်ကတော့ နေပြည်တော်မှာ သူ့ရဲ့မိသားစုနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။
ဆုရ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီလည်း လွတ်မြောက်လာခဲ့ပါတယ်။ သူ့ရဲ့ အမှုဟာ စစ်အုပ်စုအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ဘယ်လောက်အထိ ရက်ရက်စက်စက် နှိမ်နင်းနေသလဲဆိုတာကို ပြသတဲ့ ပြယုဂ်တခုဖြစ်ခဲ့ပြီး နိုင်ငံတကာရဲ့ ရှုတ်ချမှုကို ခံခဲ့ရပါတယ်။
သူ့ကို ၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ သူ့ရဲ့ မှတ်တမ်းရုပ်ရှင် အလုပ်တွေမှာ သုံးဖို့ အွန်လိုင်းကနေ ဗီဒီယိုရိုက်တဲ့ ဒရုန်းတစီး မှာယူခဲ့တာကို အကြောင်းပြပြီး အခုလို ဖမ်းဆီထောင်ချခဲ့တာဖြစ်ပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကတော့ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တယောက်ကို ချမှတ်တဲ့ အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဧပြီ ၁၇ ရက်က ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ မလွတ်မြောက်လာခင်မှာ သူ့ရဲ့ ပြစ်ဒဏ်ကို ၁၅ နှစ်အထိ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။
အင်းစိန်ထောင်ဂိတ်ဝအပြင်ဘက် သတင်းထောက်တွေကို စကားပြောရာမှာတော့ ရှင်ဒေဝီက သူ့ရဲ့ လွတ်မြောက်မှုအပေါ် ဝမ်းနည်းဝမ်းသာ ခံစားရပုံကို အခုလို ပြောပြခဲ့ပါတယ်။
“ကျမ ကံကောင်းခဲ့ပေမဲ့ ကံမကောင်းတဲ့ ကျမသူငယ်ချင်းတွေကတော့ အထဲမှာ မျက်ရည်တွေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ မိသားစုဆီ ပြန်ရပေမဲ့ မျက်ရည်တွေနဲ့ ပြန်လာခဲ့ရတာပါ။”
သူ့ရဲ့ စကားတွေဟာ ဒီလွတ်ငြိမ်းခွင့်ရဲ့ အခြေခံအကျဆုံး ဆန့်ကျင်ဘက် အခြေအနေကို ထင်ဟပ်နေပါတယ်။ လူတဦးချင်းစီ လွတ်မြောက်လာတာကို အောင်ပွဲခံနေကြပေမဲ့၊ နောက်ကွယ်မှာတော့ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေက မလျှော့တမ်း ဆက်ရှိနေဆဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပါမလာသေး၊ အနည်းငယ်မျှသာဖြစ်သော ပြစ်ဒဏ်လျှော့ပေါ့မှု
ဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ အထင်ရှားဆုံး ချန်လှပ်ခံခဲ့ရသူကတော့ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးရဲ့ အဓိက ပြယုဂ်ဖြစ်တဲ့ အသက် ၈၀ အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားတယ်လို့ လူအများက ရှုမြင်ကြတဲ့ စွဲချက်တွေနဲ့ ချမှတ်ခံထားရတဲ့ သူရဲ့ ထောင်ဒဏ်ကို နာမည်ခံသက်သက် အနည်းငယ်သာ လျှော့ပေါ့ပေးတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ကြေညာခဲ့ပါတယ်။ ဒါကြောင့် သူဟာ ထောင်ဒဏ် ၂၂ နှစ်ကျော် ဆက်လက် ကျခံနေရတုန်း ဖြစ်ပါတယ်။ သူ့ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေပေမဲ့ လေ့လာသူတွေကတော့ ဒါဟာ လွတ်မြောက်ရေး ဒါမှမဟုတ် နိုင်ငံရေးအဖြေရှာရေးအတွက် အရေးပါတဲ့ ခြေလှမ်းမဟုတ်ဘဲ၊ အပေါ်ယံဟန်ပြ အလျှော့ပေးမှုသက်သက်သာ ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဝေဖန်သူတွေက လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ ဆိုကြတဲ့ ရွေးကောက်ပွဲတခုလုပ်ပြီး မင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး တပတ်အကြာမှာပဲ ဒီလွတ်ငြိမ်းခွင့်က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ အာဏာချုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ လူအများက ရှုမြင်ကြပါတယ်။
တွက်ချက်လုပ်ဆောင်သော ခြေလှမ်းတခု
နိုင်ငံပိုင်မီဒီယာက နိုင်ငံသား ၄,၃၃၅ ဦးနဲ့ နိုင်ငံခြားသား ၁၇၉ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က အခြေအနေကို ချက်ချင်း ထောက်ပြခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီလွတ်ငြိမ်းခွင့်ဟာ စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွေထဲမှာ ဒုက္ခခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၁၄,၀၀၀ ကျော်ထဲက အလွန်နည်းပါးတဲ့ ပမာဏလောက်သာ အကျုံးဝင်တယ်လို့ ထောက်ပြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အကြိမ်ကြိမ် ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ လွတ်မြောက်လာသူတွေရဲ့ ၁၄ ရာခိုင်နှုန်းတောင် မပြည့်တဲ့သူတွေကသာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပြီး၊ လွတ်လာသူအများစုကလည်း လွတ်ရက်စေ့ခါနီး ဖြစ်နေသူတွေလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က အရင်ကတည်းက မှတ်တမ်းတင်ထားပါတယ်။
လွတ်ငြိမ်းခွင့်ပေးတဲ့ အချိန်ကိုက်လုပ်ဆောင်မှုကလည်း အထူးသတိထားစရာကောင်းပါတယ်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ စစ်တပ်က ကြိုးကိုင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး၊ လွန်ခဲ့တဲ့ တပတ်ကမှ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ဖျက်သိမ်းခံခဲ့ရပြီး ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲကို ဝေဖန်တာတွေကိုလည်း ပြစ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ မဲပေးပွဲတွေ မလုပ်နိုင်ခဲ့ပါဘူး။ လေ့လာသုံးသပ်သူ အများစုကတော့ ဒီလွတ်ငြိမ်းခွင့်ဟာ စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံတကာမှာ သံတမန်ရေးအရ ပြန်လည်အဖတ်ဆယ်နိုင်ဖို့ မျှော်လင့်ချက်နဲ့၊ အရပ်သားအစိုးရပုံစံ ဟန်ပြပြီး နိုင်ငံတကာနဲ့ ပြန်လည်ဆက်ဆံရေးရအောင် တွက်ချက်လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတခုလို့ ဆိုကြပါတယ်။
မိသားစုများ ထွက်ပြေးနေရချိန်တွင် ကျလာသော ဗုံးများ
စစ်အုပ်စုရဲ့ နိုင်ငံပိုင်မီဒီယာတွေက နေပြည်တော်နဲ့ ရန်ကုန်က သင်္ကြန်ရေသဘင်ပွဲတော် မြင်ကွင်းတွေကို ထုတ်လွှင့်နေချိန်မှာ၊ နိုင်ငံရဲ့ တခြား ဒေသတွေမှာတော့ ဆန့်ကျင်ဘက် အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာဆိုရင် သက်ြန်ပွဲတော်ရက်အတွင်း စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦး အပါအဝင် အရပ်သား တဦးထက်မနည်း သေဆုံးခဲ့ပြီး မိသားစုဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ ဒေသခံတွေရဲ့ အဆိုအရ၊ မြောက်ဘက်နဲ့ တောင်ဘက်ကနေ စစ်ကြောင်းတွေ ထိုးလာတဲ့အတွက် ဒေသခံ ၁၀,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ တရွာလုံး အိမ်တွေကို စွန့်ခွာကာ အနီးနားက တောတွေနဲ့ စိုက်ခင်းတွေထဲမှာ ခိုအောင်းနေကြရပါတယ်။
ဒီတိုက်ခိုက်မှုဟာ ယင်းမာပင်နယ်မှာလုပ်တဲ့ ဝေဟင်၊ မြေပြင် ပူးပေါင်းထိုးစစ်တခုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီဒေသမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက ဒေသခံ တော်လှန်ရေးခေါင်းဆောင်တဦး (ဗိုလ်နဂါး) စစ်တပ်ဘက် လက်နက်ချ ဘက်ပြောင်းသွာပြီးကတည်းက တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့တာပါ။ အဲဒီအချိန်ကစလို့ စစ်အာဏာရှင်တပ်ဟာ စစ်သား ရာနဲ့ချီ ထပ်မံစေလွှတ်ပြီး အင်အားဖြည့်တင်းခဲ့ကာ၊ မြေပြင်စစ်ဆင်ရေးတွေရော လေကြောင်းတိုက်ခိုက်မှုတွေကိုပါ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအလယ်ပိုင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ ထောက်ပံ့ရေးနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်။
ပစ်မှတ်ထားခံရတဲ့ နေရာတွေထဲမှာ မြန်မာနှစ်သစ်ကူးကာလ ရိုးရာအရ ခိုလှုံလေ့ရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေလည်း ပါဝင်ပါတယ်။ မိုးမခ (MoeMaKa News) သတင်းဌာနရဲ့ ဖော်ပြချက်အရ၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက ဘုန်းကြီးကျောင်းတကျောင်းကို သင်္ကြန်အကြိုနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုရင် ၂ပါး ပျံလွန်တော်မူပြီး တခြား ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့ ရွာတွေမှာ ဘယ်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့မှ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ကရင်ပြည်နယ်၊ ပဲခူး၊ မန္တလေး - အကြမ်းဖက်မှုများမှ အနားရခြင်းမရှိ
ပွဲတော်ကာလအတွင်း အကြမ်းဖက်မှုတွေဟာ စစ်ကိုင်းတိုင်း တခုတည်းမှာတင် မဟုတ်ပါဘူး။ ဧပြီလ ၁၅ ရက်၊ သင်္ကြန်ပွဲတော်ရက်အတွင်းမှာပဲ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်က ကဲဘာ ကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရွာသား ၄ ဦး သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရခဲ့သလို၊ တရွာလုံးလည်း ပြာကျသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာလည်း ဧပြီ ၁၃ ရက် တနင်္ဂနွေနေ့က စစ်အာဏာရှင်တပ်တွေဟာ ရွာတရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းလေးမှာတင် အိမ်နီးချင်းရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူ ၂ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ မန္တလေးတိုင်းမှာလည်း အလားတူ ဖျက်ဆီးခံရမှု သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါတွေဟာ တနိုင်ငံလုံးအနှံ့မှာ လူ့အခွင့်အရေးအဖွဲ့တွေက အကြိမ်ကြိမ် မှတ်တမ်းတင်ထားတဲ့ မီးရှို့ဖျက်ဆီးရေး (Scorched-earth) နည်းဗျူဟာတွေ ဖြစ်ပါတယ်။
ငြိမ်းချမ်းမှုမရှိသော နှစ်သစ်
စစ်အုပ်စုရဲ့ ထိုးစစ်တွေကြားမှာပဲ တော်လှန်ရေးအင်အားစုတွေကလည်း သင်္ကြန်ကာလကို အခွင့်ကောင်းယူပြီး စစ်ရေးအရ အသာစီးရအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ တော်လှန်ရေး သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပွဲတော်ရက် စနေ၊ တနင်္ဂနွေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မဟာမိတ်အဖွဲ့တွေဟာ မွန်ပြည်နယ်က စစ်ကောင်စီရဲ့ လေးကေစခန်း ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချင်းပြည်နယ်မှာလည်း ဧပြီလ ၁၄ ရက်နေ့က ဖလမ်းမြို့အနီးက စစ်တပ်စခန်းတခုကို တော်လှန်ရေးသမားတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ ပဋိပက္ခနယ်မြေ အများအပြားမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေ ဘယ်လောက် ကျယ်ပြန့်နေသလဲဆိုတာကို ပိုပြီး ထင်ရှားစေပါတယ်။
သာမန် မြန်မာပြည်သူတွေအတွက်တော့ ဒီနှစ်သင်္ကြန်ဟာ ပျော်ရွှင်စရာလည်း မရှိ၊ အနားယူခွင့်လည်း မရခဲ့ပါဘူး။ အရင်က ဗုဒ္ဓဘာသာ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲဖို့ ဘုရားတွေ၊ ကျောင်းကန်တွေမှာ စုဝေးလေ့ရှိကြတဲ့ မိသားစုတွေဟာ အခုတော့ လေကြောင်းက ဗုံးကြဲတာတွေကို ရှောင်တိမ်းပြီး တောတောင်တွေထဲမှာ ခိုအောင်းနေကြရပါတယ်။ ရိုးရာ ရေကစားတဲ့ ပျော်ပွဲရွှင်ပွဲ အသံတွေနေရာမှာ လေယာဉ်သံတွေနဲ့ လက်နက်ကြီးသံတွေက အစားထိုး ဝင်ရောက်လာပါတယ်။ စစ်ကိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးနဲ့ မန္တလေးတိုင်း တဝန်းက သောင်းနဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေအတွက်တော့ နေပြည်တော်ကနေ ကြေညာလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ဘာအဓိပ္ပာယ်မှ မရှိလှပါဘူး။
မင်းအောင်လှိုင်ဟာ သေချာစီစဉ်ထားတဲ့ အရပ်သားအစိုးရ မျက်နှာဖုံးနောက်ကွယ်ကနေ သူ့ရဲ့ အာဏာချုပ်ကိုင်မှုကို ခိုင်မာအောင် လုပ်နေချိန်မှာ၊ စစ်အာဏာရှင်အစိုးရရဲ့ အများပြည်သူကို ဝါဒဖြန့်နေတာတွေနဲ့ မြန်မာပြည်သူတွေ တကယ်ကြုံတွေ့နေရတဲ့ လက်တွေ့ဘဝတွေကြားက ကွာဟချက်ဟာ အခုလောက်အထိ ကြီးမားပြတ်သားတာမျိုး တခါမှ မရှိခဲ့ပါဘူး။ သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာခဲ့သည့်တိုင် ဆဋ္ဌမနှစ်ထဲကို ရောက်လာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကတော့ အရှိန်မလျော့တမ်း ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဂရီဂိုရီ
Source: AsiaNews










