DVB Logo
Home
နိုင်ငံရေး
ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်၏ ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ် ဘာထူးမလဲ
စိုးသူအောင်
·
April 9, 2026
ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်၏ ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ် ဘာထူးမလဲ
Donate to DVB

ကချင်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်အတွင်း ကိုးကန့်တပ် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)  တာဝန်ရှိသူတွေနဲ့ပါ သီးခြားတွေ့ဆုံတာကြောင့် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေကြားက ညှိနှိုင်းမှုတွေအပေါ် စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ဧပြီလဆန်းပိုင်းမှာစတင်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ်အတွင်း ကွတ်ခိုင်နဲ့ နမ့်ဖက်ကာက ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) အခြေစိုက်ဒေသတွေနဲ့ နမ့်ခမ်းမြို့နယ်ထဲက ဒေါက်တာဆီးဂရေ့ဗ် ဆေးရုံတွေဆီ သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ရှမ်းမြောက်က မဟာမိတ်တပ်ဖွဲ့ အချင်းချင်းကြား နယ်မြေစိုးမိုးမှုနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်ပြီးချိန်မှာ ပေါ်ပေါက်လာတာပါ။ အခုခရီးစဉ်ရဲ့ မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး နမ့်ခမ်း ဒေသခံက သူ့ထင်မြင်ချက်ကို ပြောပြပါတယ်။

နမ့်ခမ်းဒေသခံတယောက်က “အဓိကလာတာက ဒီမှာ ကျနော်တို့ Sub-state တနေရာရှိတယ်လေ။ ကောင်းခါးရွာဆိုတာ ရှိတယ်။ အဲဒီကောင်းခါးရွာမှာက ကချင်လူမျိုးတွေ အများဆုံး နေထိုင်တဲ့ နေရာပေါ့။ အဲဒီနေရာဘက်ကို သွားတယ်လို့တော့ ကျနော်တို့ သိရတယ်။ နောက်တခုကကျတော့ ဒီနမ့်ခမ်းမှာရှိတဲ့ ဒေါက်တာဆီးကရက်ရဲ့ ဆေးရုံကိုလည်း သွားတယ်။ ပြီးတဲ့အခါကျတော့ ဒီနမ့်ခမ်းမှာရှိတဲ့ ကချင်ဒေသခံတွေနဲ့ပေါ့ သူတို့နဲ့တွေ့တယ်လို့ ကျနော်တို့ အဲဒီလောက်ပဲ ကြားရတယ်။ သူကိုယ်တိုင်လာတယ် ဆိုကတည်းကတော့ ပြဿနာက သေးသေးမွှားမွှားတော့ မဟုတ်လောက်ဘူး။ တော်တော်ကို  ညှိနှိုင်းရခက်တဲ့ အခြေအနေတခုမှာ သူတို့ဘက်ကလာပြီးတော့ ဆွေးနွေးတယ်လို့တော့ ကျနော် ယူဆတာပေါ့”လို့ ပြောပါတယ်။

ဒေသခံတွေဘက်က မဟာမိတ်တပ်ဖွဲ့တွေကြားက ကိစ္စတွေကို ဖြေရှင်းဖို့ လာရောက်တာလို့ သုံးသပ်နေကြသလို၊ တဖက်မှာလည်း မြေရှားသတ္တုနဲ့ တခြားစီးပွားရေးကိစ္စရပ်တွေအပေါ် တရုတ်နိုင်ငံနဲ့ ညှိနှိုင်းမှုတွေ ရှိနိုင်တယ်လို့ ယူဆချက်တွေပါ ရှိနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့ DVB က သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အခုခရီးစဉ်ဟာ လက်အောက်ခံ ဌာနဒေသတွေကို ကြည့်ရှုအားပေးတဲ့ ပုံမှန်ခရီးစဉ်သာ ဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “ခရီးစဉ်ကတော့ အဓိကကတော့ ရှမ်းမြောက်ဘက်မှာရှိတဲ့ ကျနော်တို့ရဲ့ တောင်ပိုင်းဘက်ကပေါ့နော်။ အဲဒီဘက်မှာရှိတဲ့ ကျနော်တို့ရဲ့ ဌာနဒေသတွေ တပ်တွေကို လာပြီးမှ ကြည့်ရှုတာပေါ့။ လာအားပေးတာ။ အဲဒါ နံပါတ် ၁ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီကို ရောက်တဲ့အခါကျတော့ ပြည်သူလူထုနဲ့လည်း တွေ့တာ၊ အားပေးစကားတွေပေါ့။ ဒီနေ့ကတော့ ဟိုမှာ ကိုးကန့်တို့၊ နောက် ပလောင်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ အချင်းချင်း ပဋိပက္ခတွေ ဖြစ်တဲ့ကြားက ပြည်သူလူထုကိုလည်း အားပေးတာပေါ့။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး အတူတူယှဉ်တွဲနေထိုင်ကြဖို့ အဲဒါတွေ ရှိတယ်။ နောက် MNDAA နဲ့လည်း တွေ့တယ်၊ TNLA နဲ့လည်း တွေ့တယ်၊ SSPP နဲ့လည်း တွေ့တယ်”လို့ ပြောပါတယ်။

မဟာမိတ်တွေဖြစ်တဲ့အတွက် သီးခြားဆီ တွေ့ဆုံခဲ့ပြီး ဆုံးဖြတ်ချက်ချမှတ်တာမျိုးမရှိဘဲ ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ အချင်းချင်းနားလည် လေးစား တန်ဖိုးထားကြဖို့ ဆွေးနွေးတဲ့ အလည်အပတ် ခရီးစဉ်သာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နမ့်ဖတ်ကာဒေသက KIA ဂိတ်တွေကိစ္စနဲ့ ပတ်သက်လို့လည်း ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အရ အခွန်မကောက်ခံဖို့သာ လုပ်ဆောင်ထားပြီး ဂိတ်တွေ ပိတ်သိမ်းတာမျိုးမဟုတ်ကြောင်း သူက ဆိုပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013