
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကင်မ်အဲရစ် ဦးဆောင်ပြီး မိခင်ဖြစ်သူ အသက်ရှင်နေကြောင်း သက်သေပြဖို့ Proof of Life ကမ်ပိန်းကို ပြုလုပ်နေတာမှာ ထင်ရှားတဲ့ အနုပညာရှင်တွေအပါအဝင် ပြည်သူပေါင်းများစွာက ဝင်ရောက် အားဖြည့်ကာ ကန်ပိန်းမှာပါဝင် လှုပ်ရှားနေကြပါတယ်။
အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို ဧပြီ ၂၀ ရက်က အွန်လိုင်းမှာ စတင်ပြုလုပ်နေတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့ မြန်မာပြည်သူတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေအပြင် အဆိုတော် ဖြူဖြူကျော်သိန်း၊ မင်းသားခါရာ စတဲ့ အနုပညာရှင်တွေလည်း ပါဝင်လှုပ်ရှား နေကြပါတယ်။
နာမည်ကြီးအဆိုတော် ဖြူဖြူကျော်သိန်းက “အန်တီဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးသလားဆိုတာ အားလုံး သိချင်နေကြမယ်လို့ထင်ပါတယ်နော်။ အဲ့ဒီမေးခွန်းလေးကို ကိုယ့်ပတ်ဝန်းကျင်မှာ မေးကြည့်ကြရအောင်။ တဆင့်စကား တဆင့်နားနဲ့ ကောလာဟလတွေ မဟုတ်ဘဲ၊ သူမ ရှိနေသေးတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတခုကို သူမရဲ့သား ကိုထိန်လင်း တယောက်တည်းပဲ သိရမယ်ဆိုရင်တောင် လုံလောက်ပါတယ်။ မိဘချင်း၊ သားသမီးချင်း ကိုယ်ချင်းစာလို့ပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သရုပ်ဆောင်မင်းသား ခါရာကလည်း “အမြဲစိုးရိမ်နေတဲ့ UN ကို ကျနော်တို့ မကြိုက်ပါဘူး။ အလုပ်မဖြစ်လို့။ ဒါကြောင့် ကျနော်တို့ စိုးရိမ်နေမဲ့အစား ကျနော်တို့အားလုံး လုပ်ရမဲ့ အရာတခုရှိပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံးကို အမေစုရဲ့ “Proof of Life” ကို ပြည်သူလူထုအာဏာနဲ့၊ အားနဲ့ တောင်းဆိုရမဲ့အချိန်ဖြစ်ပါတယ်။ အမေစု အသက်ရှင်နေကြောင်း သက်သေပြပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်နဲ့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
ပြည်သူတယောက်က “ကျမတို့ရဲ့ လူထုခေါင်းဆောင်ကြီး အန်တီ ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ လူထုကို ချမပြခဲ့တာ ၂ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ပြီးတော့ မိသားစုနဲ့လည်း တွေ့ဆုံခွင့် မပေးသလို ရှေ့နေတွေနဲ့လည်း တွေ့ဆုံခွင့်မပေးဘူး။ ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးဘဲနဲ့ သတင်းမှောင်ချထားတာက ကျမတို့ လူထုခေါင်းဆောင်အတွက် အင်မတန် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကမ်ပိန်းက မင်းအောင်လှိုင်တို့ စစ်အုပ်စုကို ဖိအားပေးရာလည်း ရောက်တယ်။ ပြီးတော့ ကျမတို့ရဲ့ လူထုခေါင်းဆောင်ပေါ့နော်၊ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျမတို့ ပြည်သူလူထုက မြင်ချင်တဲ့ စိတ်ဆန္ဒတွေ ရှိနေတယ်၊ ကျမတို့ ပြည်သူလူထု တသားတည်း ရှိနေတယ် ဆိုတာကို သိစေဖို့အတွက်ပေါ့။ ကျမ ဒီကမ်ပိန်းမှာ ပါဝင်ထားတာ ဖြစ်ပါတယ်ရှင်” လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်တွေ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းကာ အကျဉ်းချထားခဲ့တာ အခုဆို ၅ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေတွေနဲ့ တရားရုံးထုတ်တဲ့ အချိန်တချို့သာ တွေ့ဆုံခွင့်ရခဲ့ပေမဲ့ နောက်ပိုင်းတွေမှာတော့ သတင်းအစအန လုံးဝဖုံးအုပ်ထားခဲ့တာကြောင့် မိသားစုဝင်တွေနဲ့ အတိုင်ပင်ခံကို ချစ်ခင်ကြတဲ့ ပြည်သူလူထုက စိုးရိမ်ပူပန်နေကြပြီး အသက်ရှင်နေကြောင်း သက်သေပြဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က “မေမေ့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့မယ်၊ ဒါမှမဟုတ် လွှတ်ပေးနိုင်ခြေ ရှိတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပေမဲ့ ဘာတခုမှ တကယ်ဖြစ်မလာသေးပါဘူး။ သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာတာကို ကြည့်ပြီး မေမေ့အတွက်လည်း မျှော်လင့်ချက်ရှိခဲ့ပေမဲ့ အဲဒီသတင်းတွေ အားလုံးက ဘာမှဖြစ်မလာခဲ့ပါဘူး။ အခုအချိန်ထိလည်း သူ့ကို ဘယ်မှာထားထားလဲဆိုတာ ကျနော် မသိရသေးပါဘူး။ သူ့ရဲ့ ကျန်းမာရေး အခြေအနေလည်း ဘာမှမသိရဘူး။ ကျနော် အလိုအပ်ဆုံးက သူ အသက်ထင်ရှား ရှိနေသေးတယ်ဆိုတဲ့ အထောက်အထား တခုခုပါပဲ။ ရှောင်တာနယ် ကလွဲရင် သူ့ကို ကိုယ်တိုင်တွေ့ခဲ့တဲ့သူ မရှိပါဘူး။ ကျနော်ရခဲ့တဲ့ ဆက်သွယ်မှု ဆိုလို့လည်း ၃ နှစ်နီးပါး ရှိတော့မယ်။ ဒါကြောင့် စစ်တပ်ကပေးတဲ့ အာမခံချက်တွေဆိုတာ ဘာမှ ခိုင်လုံမှု မရှိပါဘူး။ တကယ်လို့ သူ အသက်ရှင်နေပြီး ကျန်းမာတယ်ဆိုရင် ကျနော့်ကို စကားပြောခွင့် ပေးရမှာပေါ့။ မိခင်နဲ့ စကားပြောခွင့်ပေးဖို့၊ သူ အသက်ရှင်နေကြောင်း သက်သေပြဖို့နဲ့ သူ့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားပေးဖို့ပဲ ထပ်ပြီး တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရအနေနဲ့ နိုင်ငံတကာမှာ ပုံရိပ်ကောင်းရဖို့ ကြိုးစားနေတဲ့ အခုလို အချိန်ကာလမျိုးထိ ဒေါ်အောင်ဆန်းစုကြည်သတင်းကို ဖုံးကွယ်ထားတာကြောင့် ပြည်သူတွေက သူ့ရဲ့ကျန်းမာရေးနဲ့အတူ အသက်အန္တရာယ်ကိုပါ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ပြည်သူတယောက်က “အမေစုကို ခုလိုမျိုး သတင်းအစအန လုံးဝမရတဲ့အပေါ် ပြည်သူတယောက် အနေနဲ့ စိုးရိမ်တာပေါ့။ အရမ်းကိုစိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ မင်းအောင်လှိုင်တို့ စစ်အုပ်စုဘက်က အမေစု ပုံရိပ်ကို အသုံးပြုပြီးတော့ ထုတ်ရှိုးရတော့မဲ့အချိန်၊ နိုင်ငံတကာ ဖိအားတွေကြောင့်ရော၊ အမေစုရဲ့ သား ကင်မ်အဲရစ် ကိုယ်တိုင် ခဏခဏ တောင်းဆိုနေတာကြောင့် ထုတ်ကို ထုတ်ပြရမဲ့ အချိန်မှာ လုံးဝ သတင်းအစအန မရဘူးဆိုတော့ တခုခုများ ဖြစ်နေသလား၊ အသက်အန္တရာယ်များ ဖြစ်နေသလားပေါ့လေ” လို့ ပြောပါတယ်။
နောက်ထပ် ပြည်သူတယောက်ကလည်း “ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ အရမ်းမြင့်တက်နေတာ ဖြစ်အောင်လည်း သူတို့က တမင်လုပ်ထားတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ပြည်သူတယောက် အနေနဲ့ တောင်းဆိုချင်တာကတော့ ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးသင့်တယ်။ အဘက်ဘက်က ကြည့်မယ်ဆိုလို့ရှိရင် အသက် ၈၀ ကျော် လူမမယ် အဘွားအိုကြီးတယောက်ကို ထောင်ထဲမှာ ဒီလိုထည့်ထားတာကိုက ဒီလူအုပ်စုသည် ဘယ်လောက်တောင်မှ လူမဆန်တဲ့စိတ်ဓာတ် ရှိနေတဲ့သူတွေလဲ ဆိုတာ ပေါ်လွင်နေပြီသား။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်သည် ဘာအပြစ်မှလည်း ကျူးလွန်ထားတာ မဟုတ်တဲ့အတွက် သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်။ လူထုရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့အောင် လုပ်ပေးသင့်တယ်” လို့ ပြောပါတယ်။
Proof of Life ကမ်ပိန်းနည်းတူ အပြာရောင်အင်္ကျီ- Blue Shirt Campaign နဲ့လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွတ်ယွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြည်တွင်းပြည်ပက ပြည်သူတွေအားလုံးက အပြာရောင် အင်္ကျီတွေ ဝတ်ဆင်ကာ ပါဝင်လှုပ်ရှားနေကြပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန် အစိုးရတာဝန်ရှိသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။
ဝေဝေ











