
အီရန်ရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူးတွေကို အစ္စရေးဘက်က လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်နေတယ်ဆိုပြီး အမေရိကန် တာဝန်ရှိသူတွေအနေနဲ့ ယုံကြည်ထားကြောင်း သိရပါတယ်။
အထူးသဖြင့် အီရန်ဘက်က နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီနဲ့ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘက်ဂါ ဂါလီဘတ်ဖ် တို့ကို ပစ်မှတ်ထားနိုင်တာကြောင့် အမေရိကန်ရဲ့ စိုးရိမ်မှုတွေ ပိုပြီး မြင့်တက်လာခဲ့ပါတယ်။
တကယ်လို့သာ အစ္စရေးဘက်က အီရန်အရာရှိကြီး ၂ ယောက်စလုံးကို ရှင်းပစ်ဖို့ ကြိုးပမ်းလာခဲ့ရင် အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားနိုင်တဲ့အပြင် တိုက်ပွဲတွေပါ ပြန်ဖြစ်လာ နိုင်ပါတယ်။
အစ္စရေးအတွက်တော့ အီရန်ရဲ့ အကြီးတန်းခေါင်းဆောင်တွေကို ဖယ်ရှား ရှင်းလင်းနိုင်ရေးဟာ စစ်ပွဲ စတင်ကတည်းက ချမှတ်ထားခဲ့တဲ့ မဟာဗျူဟာလည်း ဖြစ်ပါတယ်။
အခုလိုမျိုး အစ္စရေးရဲ့ လုပ်ကြံနိုင်ခြေနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသတွင်း နိုင်ငံတွေကတဆင့် အီရန်ကို သတိပေးထားတယ်လို့ ဆိုပါတယ်။
အစောပိုင်းမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အီရန်ရေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့အပေါ် အဓိက ပစ်မှတ်ထားခဲ့ပေမဲ့လည်း အစ္စရေးကတော့ အီရန်ခေါင်းဆောင်ပိုင်းကို သတ်ဖြတ်နိုင်ဖို့ ဦးစားပေး ခဲ့တာ တွေ့ရပါတယ်။
တချိန်တည်းမှာပဲ အီရန်အစိုးရ အပြောင်းအလဲဖြစ်ရေးနဲ့ လက်ဝေခံတပ်ဖွဲ့တွေ ဖျက်ဆီးပစ်နိုင်ရေး အပါအဝင် နျူကလီးယားနဲ့ ဒုံးကျည်စီမံကိန်းတွေ အကြီးအကျယ် ထိခိုက်သွားစေဖို့စသဖြင့် အစ္စရေးဘက်က စစ်ရေးရည်မှန်းချက်တွေကို မပြီးမြောက်သေးဘူးဆိုပြီး ရှုမြင်ထားတာပါ။
ဒါ့အပြင် အမေရိကန်နဲ့ သဘောတူညီချက်အရ အီရန်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရလာ နိုင်တဲ့ အချက်ကိုပါ အစ္စရေးက စိုးရိမ်နေပါတယ်။
အလားတူ နျူကလီးယား အစီအစဉ်တွေအပေါ် ထိထိရောက်ရောက် မကန့်သတ်နိုင်သေးဘဲ စစ်ပွဲ ပြီးဆုံးသွားတဲ့အလျောက် အီရန်အနေနဲ့ အလျင်အမြန် ပြန်လည်ထူထောင်ခွင့် ရသွားမှာကို အစ္စရေး တာဝန်ရှိသူတွေက တားဆီးချင်နေတာပါ။
အစ္စရေးရဲ့ ပစ်မှတ်ထဲမှာ အာရက်ချီနဲ့ ဂါလီဘတ်ဖ်တို့ ပါဝင်နေပေမဲ့လည်း အမေရိကန်နဲ့ ဆွေးနွေးပွဲ တွေ စတင်ဖို့ ပြောဆိုချိန်မှာတော့ သူတို့ကို စာရင်းထဲကနေ ယာယီဖယ်ရှားပေးခဲ့ပါတယ်။
ဒါကြောင့် အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေချိန်အတွင်း အီရန်ဟာ ကြိုတင် ကာကွယ်မှုတွေ လုပ်ဆောင်လေ့ရှိသလို ဝါရှင်တန်ဆီက အာမခံချက်ကိုလည်း ရယူထားတာကြောင့် အစ္စရေးအတွက် အခက်တွေ့စေခဲ့ပါတယ်။
Source:Reuters










