
ဧရာဝတီတိုင်း မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဓားကိုင်ဆဲဆို ရမ်းကားတာ ကို သည်းမခံနိုင်တဲ့အတွက် ပြန်လည်တုံ့ပြန်ခဲ့တာကြောင့် အဖမ်းခံရတဲ့အရပ်သားတချို့ကို စစ်မှုထမ်းထဲ ထည့်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က မအူပင်မြို့နယ် စစ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး မင်းမင်းက စစ်မှုထမ်းကြေးငွေ အဆမတန်တိုးကောက်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံအရပ်သားတွေနဲ့ အချင်းများခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး မင်းမင်းက အချင်းများတဲ့ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ဘဲ အသင့်ဆောင်ထားတဲ့ ဓားကိုင်ပြီး ရပ်ကွက်ထဲ လှည့်လည်ကာ လိုက်လံစိန်ခေါ်ဆဲဆိုခဲ့တာကြောင့် အရပ်သားတွေက ဝိုင်းရိုက်နှက်ခဲ့ကြတာလို့ သိရပါတယ်။
အရပ်သားတွေက ပြန်လည်တုံ့ပြန် ရိုက်နှက်ခဲ့တဲ့အပေါ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မင်းမင်းက စစ်ကောင်စီတပ်ကိုခေါ်ယူကာ အရပ်သား ၁၀ ယောက်ထက်မနည်းဖမ်းဆီးခိုင်းခဲ့ပြီး အဖမ်းခံရတဲ့သူ တွေထဲက တချို့ကို စစ်မှုထမ်းဖို့ ထည့်လိုက်တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးက ဆဲဆိုတော့ သူက ဆဲတာ။ ဓားကိုင်ပြီး ပတ်ဆဲခဲ့တာ။ သူ့ကို ပြန်တုံ့ပြန်တဲ့ အရပ်သားတွေကို စာရင်းပေးပြီး စစ်တပ်ကို ဖမ်းခိုင်းခဲ့တာ။ ဟုတ်တယ်၊ အဖမ်းခံရတဲ့သူတွေထဲက လူငယ်တချို့ကို စစ်မှုထမ်းထဲထည့်လိုက်တာ။”
အရပ်သားတွေကို စစ်ကောင်စီရဲ့မအူပင်အခြေစိုက် အမှတ် ၂၇ ခြေမြန်တပ်ရင်းက တပ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အဖမ်းခံရတဲ့သူတွေထဲက လူငယ် ၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ စစ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပူးပေါင်းပြီး စစ်မှုထမ်းထဲထည့်လိုက်တာလို့ သိရပါတယ်။
မအူပင်မြို့က စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့ အထဲမှာ မိန်းကလေးတွေ လည်းပါတယ်။ မိန်းကလေးတွေကို ဆက်လက်ဖမ်းချုပ်ထားပါတယ်။ အမျိုးသားတွေကို စစ်မှုထမ်းထဲ ထည့်တာဟုတ်တယ်” လို့ ပြောပါတယ်။
အရပ်သားတွေက သည်းမခံနိုင်ဘဲ တုံ့ပြန်ရိုက်နှက်တဲ့အတွက် အုပ်ချုပ်ရေးမှူးမင်းမင်းဟာ ပြင်းထန် တဲ့ ဒဏ်ရာ ၆ ချက်ထက် မနည်းရရှိကာ မအူပင်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရ ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က ရွာထဲမှာ ညစဉ်စစ်ဆေးရှာဖွေနေတာကြောင့် အရပ်သားတချို့ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။










