
အာဖရိကတိုက်က အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ ကင်မရွန်းနဲ့ မာလာဝီ အမျိုးသမီးအသင်းတို့ဟာ ၂၀၂၇ ဘရာဇီးမှာကျင်းပမဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ကြတာပါ။
ဒီအသင်းတွေဟာ မော်ရိုကိုမှာ ကျင်းပတဲ့ WAFCON ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
မော်ရိုကိုကတော့ ၂၀၂၃ ခုနှစ်တုန်းကလည်း ကမ္ဘာ့ဖလားဝင်ခွင့် ရခဲ့ဖူးပြီး အယ်လ်ဂျီးရီးယားနဲ့ မာလာဝီတို့အတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိတာပါ။
ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ အယ်လ်ဂျီးရီးယားက အိုင်ဗရီကို့စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မော်ရိုကိုကလည်း တောင်အာဖရိကကို ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။
ကင်မရွန်းကတော့ နိုင်ဂျီးရီးယားကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၁၅၃ ရှိတဲ့ မာလာဝီက ဂါနာကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး အံ့အားသင့်ဖွယ်ရာ ဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရှုံးနိမ့်ခဲ့တဲ့ ဂါနာ၊ အိုင်ဗရီကို့စ်၊ နိုင်ဂျီးရီးယားနဲ့ တောင်အာဖရိကတို့လည်း ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ခြေစစ်ပွဲ ဆက်ကစားရဦးမှာ ဖြစ်ပါတယ်။










