
အာဖရိကတိုက်သားတွေကို ကျွန်ပြုခဲ့မှုဟာ "လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံးရာဇဝတ်မှု" အဖြစ် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ကို မတ် ၂၅ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲ အတည်ပြုခဲ့ပါတယ်။
ဒီအဆိုကို ဂါနာနိုင်ငံက တင်သွင်းခဲ့တာဖြစ်ပြီး ထောက်ခံမဲ ၁၂၃ မဲ ရရှိခဲ့ပါတယ်။ အမေရိကန်၊ အစ္စရေးနဲ့ အာဂျင်တီးနားနိုင်ငံတို့ကတော့ ကန့်ကွက်မဲ ပေးခဲ့ကြပြီး ဗြိတိန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံကတော့ မဲမပေးဘဲ ကြားနေ ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်မှာ ကျွန်ကုန်သွယ်မှု လုပ်ခဲ့တာတွေအတွက် တောင်းပန်ဖို့နဲ့ လျော်ကြေး ရန်ပုံငွေ တရပ် ထည့်ဝင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂဘက်ကတော့ ဒီအဆိုဟာ ရာဇဝတ်မှုတွေကြား အဆင့်ခွဲခြားသလို ဖြစ်သွားနိုင်တယ်လို့ စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။
သမိုင်းဝင် မတရားမှုတွေကို ရင်ဆိုင်ဖို့ နိုင်ငံတွေအနေနဲ့ ပိုပြီးရဲရင့်တဲ့ လုပ်ရပ်တွေ လုပ်ဖို့ လိုအပ် တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းခဲ့ပါတယ်။
မဲမခွဲခင်မှာ ဂါနာသမ္မတ ဂျွန်မာဟာမာက "သမိုင်းက တောင်းဆိုလာချိန်မှာ ကျွန်ကုန်သွယ်မှုကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရသူတွေနဲ့ လူမျိုးရေးခွဲခြားမှု ခံစားနေရဆဲဖြစ်သူတွေအတွက် မှန်ကန်တဲ့ အရာ ကို လုပ်ဆောင်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်ပါစေ" လို့ ညီလာခံမှာ ပြောပါတယ်။
Source:Reuters










