DVB Logo
Home
နိုင်ငံတကာ
အာဖရိကတွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မည့်အန္တရာယ် နည်းပါးသော်လည်း သတိထားရန်လို
DVB
·
May 9, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဟန်တာဗိုင်းရပ်စ်ဟာ လူလူချင်း ကူးစက်ဖို့ အခွင့်အလမ်းနည်းပါတယ်၊ ဒါပေမဲ့ ကြွက်တွေကတဆင့် ကူးစက်နိုင်တဲ့ ဟန်တာဗိုင်းရပ်စ်နဲ့ တခြားရောဂါတွေအကြောင်းကို ပြည်သူတွေ ပိုပြီးသတိထားဖို့ လိုအပ်တယ်လို့ အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (အာဖရိက CDC) က စောင့်ကြည့်စစ်ဆေးရေးနဲ့ ရောဂါထောက်လှမ်းရေး အကြီးအကဲ မယ်ရာဝီ အာရာဂေါက  မေ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒီရောဂါက လူအချင်းချင်း ဆက်တိုက်ကူးစက်တာမျိုး စတွေ့ပြီဆိုရင်တော့ ဒါဟာ တကယ့်ကို စိုးရိမ်စရာအခြေအနေ ဖြစ်လာပါလိမ့်မယ်” လို့ အာရာဂေါက ဟန်တာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

ရောဂါထပ်မပြန့်ရအောင် တားဆီးဖို့အတွက် ဒီတပတ်အစောပိုင်းက ကိပ်ဗာဒီကမ်းလွန်မှာ သောင်တင်နေခဲ့တဲ့ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားရာ အပျော်စီးသင်္ဘောပေါ်ကနေ ကြိုတင် ထွက်ခွာသွားသူတွေကို ရှာဖွေဖို့ ကမ္ဘာတဝန်းက နိုင်ငံတွေဟာ ကြာသပတေးနေ့မှာ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။

အာဖရိက CDC က ကပ်ရောဂါအသွင် ဖြစ်ပွားမှုအတွက် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေးညွှန်ကြားရေးမှူး ဒေါက်တာ တိုလ်ဘာ့ထ် ဂျီဉာဏ်ဆွာကတော့ ပြည်သူ့ ကျန်းမာရေးကဏ္ဍအနေနဲ့ နယ်စပ်ဖြတ်ကျော် စောင့်ကြည့်တာနဲ့ စစ်ဆေးမှုတွေမှာ လုပ်စရာတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

“အာဖရိက CDC အနေနဲ့ ပြည်သူတွေကို သတင်းအချက်အလက်တွေ ဆက်ပြီး အသိပေးသွားမှာပါ။ အာဖရိကအတွက် ဘေးအန္တရာယ်ရှိနိုင်ခြေက နည်းပေမဲ့ လုံးဝမရှိဘူးလို့တော့ ပြောလို့မရပါဘူး” လို့ ဉာဏ်ဆွာက ဆိုပါတယ်။

MV ဟွန်ဒီးယပ်စ် သင်္ဘောပေါ်က ရောဂါကူးစက်မှုအတွင်း ဒတ်ချ်ဇနီးမောင်နှံ ၂ ယောက်နဲ့ ဂျာမနီ နိုင်ငံသားတယောက်၊ စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ ဆွစ်ဇာလန်နိုင်ငံသားတယောက် အပါအဝင် ၈ ယောက် ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သံသယရှိနေပါတယ်။

သေဆုံးသူတွေဆီမှာ တွေ့ရတဲ့ ဗိုင်းရပ်စ်ဟာ အင်န်ဒီယန်မျိုးကွဲ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပြီး အဲဒီမျိုးကွဲဟာ အလွန်နီးကပ်တဲ့ ထိတွေ့မှုကနေတဆင့် လူအချင်းချင်း ကူးစက်နိုင်ပါတယ်။

ရောဂါကူးစက်ပြန့်ပွားဖို့ အခွင့်အလမ်း အလွန်နည်းတယ်လို့ ကျွမ်းကျင်သူတွေက အလေးအနက် ပြောထားပေမဲ့ အခုဖြစ်စဉ်ကြောင့် ကျန်းမာရေးအာဏာပိုင်တွေကတော့ အထူးသတိပြု စောင့်ကြည့် နေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013