
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက အကြမ်းဖက်လှုပ်ရှားမှုတွေများနေတဲ့ ဘော်နိုပြည်နယ်ရှိ မိုင်ဒူဂူရီမြို့မှာ မတ် ၁၆ ရက်က ဗုံးပေါက်ကွဲမှုတွေ အများအပြားဖြစ်ပွားခဲ့တာကြောင့် လူအတော်များများ သေဆုံးနိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့ခံတွေက ပြောပါတယ်။
ပထမပေါက်ကွဲမှုဟာ မြို့လယ်ကောင်ရှိ စာတိုက်ရုံးတခုမှာ ဖြစ်ပွားခဲ့ပြီး၊ ခဏအကြာမှာပဲ အနီးအနားရှိ နာမည်ကြီး တနင်္လာဈေးမှာ နောက်ထပ်ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ် ၂ ခုနဲ့ မိုင်ဒူဂူရီ ဒေသခံ ၃ ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲဒီနောက် တနင်္လာနေ့ ညနေက မိုင်ဒူဂူရီတက္ကသိုလ် သင်ကြားရေးဆေးရုံမှာ ပေါက်ကွဲမှု ၂ ကြိမ် ထပ်ဖြစ်ခဲ့ပြီး မြို့အရှေ့ဘက် ကာလေရီ ရပ်ကွက်မှာလည်း နောက်ထပ်တခု ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ အဝတ်အစားတွေ စုတ်ပြဲပြီး သွေးတွေပေကျံနေတဲ့ ဒဏ်ရာရ လူနာတွေကို မိုင်ဒူဂူရီဆေးရုံမှာ အရေးပေါ်ကူညီပေးနေကြပါတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုတွေဟာ တကယ် ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ရိုက်တာသတင်းဌာနက အတည်မပြုနိုင်သေးပါဘူး။
ဘော်နိုပြည်နယ်အုပ်ချုပ်ရေးမှူး ဘာဘာဂါနာဇူလမ်ကတော့ ဒီပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့ ဘယ်သူ့လက်ချက်လဲ ဆိုတာကိုတော့ အသေးစိတ်ပြောမသွားပါဘူး။
သူက “ဒီလုပ်ရပ်ဟာ လုံးဝကို ရက်စက်ရိုင်းစိုင်းပြီး လူမဆန်တဲ့ လုပ်ရပ်ပဲ” လို့လည်း ဆိုပါတယ်။
ဈေးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းမှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ လူဘယ်နှယောက် သေဆုံးဒဏ်ရာရတယ်၊ ဘာကြောင့် ပေါက်ကွဲတာလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ဘော်နိုပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နာဟုမ် ဒါဆို ကဲနက်သ်ကတော့ သတင်းရရချင်းမှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။
ပြည်သူတွေကိုလည်း စိတ်အေးအေးထားကြဖို့နဲ့ စုံစမ်းစစ်ဆေးမှု မပြီးသေးတဲ့အတွက် ပေါက်ကွဲမှု ဖြစ်ထားတဲ့ နေရာတွေကို မသွားကြဖို့လည်း သတိပေးထားပါတယ်။ နိုင်ဂျီးရီးယားစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ တနင်္လာနေ့ မနက်အစောပိုင်းမှာ မိုင်ဒူဂူရီမြို့ပြင်နားကို အစ္စလာမ္မစ် စစ်သွေးကြွတွေလို့ ထင်မြင်ရတဲ့ အဖွဲ့တချို့က တိုက်ခိုက်ဖို့ကြိုးစားခဲ့တာကို ပြန်လည်တားဆီးနိုင်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒီလအတွင်း ဘိုကိုဟာရမ်နဲ့ အစ္စလာမ်မစ် နိုင်ငံတော် အနောက်အာဖရိက နယ်မြေအဖွဲ့တွေဟာ ဘော်နိုပြည်နယ်တဝန်းက စစ်တပ်အခြေစိုက်စခန်းတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့လို့ စစ်သားအချို့ သေဆုံးသလို လက်နက်တွေကိုလည်း လုယူခံခဲ့ရပါတယ်။
Source: Reuters










