DVB Logo
Home
မြန်မာသတင်း
ဝမ်းပျက်ဝမ်းလျှောဖြစ်နေသဖြင့် ရန်ကုန်က လမ်းဘေးဆိုင်များကို ယာယီပိတ်ခိုင်း
DVB
·
August 12, 2026
လသာမြို့နယ်က နာမည်ကျော် ၁၉ လမ်း ဈေးတန်း။ Photo: DVB
လသာမြို့နယ်က နာမည်ကျော် ၁၉ လမ်း ဈေးတန်း။ Photo: DVB
Donate to DVB

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု များပြားနေတာကြောင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ လမ်းဘေးဆိုင်တွေကို ယာယီပိတ်ထားဖို့ သက်ဆိုင်ရာမြို့နယ်စည်ပင်တွေက လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မိုးတွင်းကာလမှာ ဖြစ်ပွားမှုများနိုင်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေကို စားသောက်မိသူတွေကို ကူးတတ်ပြီး အဲဒီကတဆင့် တယောက်ကနေ  တယောက်ကို ကူးစက်တတ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု များနေတဲ့ ရန်ကုန်မြို့လယ်က လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းနဲ့ ပုဇွန်တောင်အပါအဝင် မြို့နယ်တချို့က လမ်းဘေးဆိုင်တွေကို ယာယီပိတ်ထားဖို့ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ခံတယောက်က “လမ်းဘေးဆိုင်တွေကို ပိတ်ခိုင်းနေတာ၊ ခေါက်ဆွဲသုပ်တို့၊ အစုံသုပ်တို့ တုတ်ထိုးတို့၊ အဲဒီလိုဆိုင်တွေ ပိတ်ခိုင်းတယ်။ တချို့ စားသောက်ဆိုင်တွေကိုလည်း အစားအသောက်တွေကို ယင်မနားအောင် မှန်ပုံးတွေနဲ့ သေချာထားဖို့ ပြောတာတွေရှိတယ်။ လမ်းမတော်နဲ့ လသာ ဘက်မှာတော့ တချို့လမ်းဘေးဆိုင်တွေ ပိတ်နေကြပြီ” လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေလို့ ရန်ကုန်ဆေးရုံကြီးအပါအဝင် ပုဂ္ဂလိကဆေးရုံတွေမှာပါ လူနာတွေ များနေပါတယ်။

တာမွေမြို့နယ်နေ ဝမ်းလျှောနေသူတယောက်က “နှစ်ရက်ဆက်တိုက် ဝမ်းလျှောနေတာ။ တခုခု အစားမှားလားလို့ စဉ်းစားကြည့်တော့လည်း အပြင်စာ သိပ်မစားဖြစ်ဘူး။ ဘယ်လိုကြောင့် ဖြစ်တယ် မသိဘူး။ ဓာတ်ဆားဝယ်ပြီး သောက်လိုက်မှ သက်သာသွားတာ၊ ဆေးခန်းတော့ မပြဖြစ်လိုက်ဘူး” လို့ ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရာသီမရွေး ဖြစ်ပွားလေ့ရှိပြီး မိုးဦးကျကာလနဲ့ မိုးအကုန် ဆောင်းအကူးမှာ အဖြစ်များတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပုစွန်တောင်မြို့နယ်မှာ နေထိုင်သူတယောက်က “ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေ အများကြီးပဲ။ အခုည အပြင်ကနေ အစားအသောက် လာလှူတဲ့ဟာတောင် ခဏပိတ်ထားတယ်။ မြို့ထဲက အဖြစ်များတာ။ အိမ်နားနီးချင်း အသိတွေလည်း ဝမ်းလျှောကြတယ်” လို့ ပြောပါတယ်။

ဒလမြို့နယ်မှာ နေထိုင်သူ နောက်တယောက်က “အိမ်က သမီးလည်း ဝမ်းလျှောနေတယ်။ ဘယ်က ဘယ်လို ဖြစ်တယ် မသိဘူး။ ကျောင်းမသွားနိုင်ဘူး။ ဝမ်းလျှောပြီး ဖျားနေတာ၊ အပူချိန်က ၁၀၄ အထိ ဖြစ်နေတယ်" လို့ ပြောပါတယ်။

ဒါကြောင့် အစာမစားခင် လက်ဆေးတာ၊ အညစ်အကြေး ကိုင်ပြီးရင် လက်ကို သေချာဆေးတာ၊ တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာ၊ ရေကို ကျိုချက်သောက်တာနဲ့ အစားအစာတွေကို ကျက်အောင် ချက်ပြုတ်စားသောက်ဖို့လည်း သတိပေးထားပါတယ်။

လမ်းဘေးအစားအစာတွေ၊ လက်လုပ်အချဉ်တွေနဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ မစားမိဖို့၊ ဂရုပြုကြဖို့လည်း ဆရာဝန်တွေက သတိပေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013