
အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဟာ ဒေသတွင်းရှိ အမေရိကန်နဲ့ အစ္စရေးတက္ကသိုလ်တွေကို ပစ်မှတ်ထား လက်စားချေ တိုက်ခိုက်မယ်လို့ မတ် ၂၉ ရက်မှာ သတိပေး ကြေညာလိုက်ပါတယ်။
တီဟီရန်မြို့တော်ရှိ အီရန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို မတ် ၂၈ ရက်မှာ အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု ထိမှန်ခဲ့တယ်လို့ အီရန်သတင်းဌာနမဲရ်က ပြောပါတယ်။
အီရန်တက္ကသိုလ်တွေ ဖျက်ဆီးခံရမှုအတွက် လက်စားချေတဲ့အနေနဲ့ တက္ကသိုလ် ၂ ခုကို တိုက်ခိုက်ခဲ့ပြီးပြီ၊ အခုအချိန်ကစပြီး အနောက်အာရှဒေသက သိမ်းပိုက်ထားတဲ့ အစိုးရရဲ့ တက္ကသိုလ်အားလုံးနဲ့ အမေရိကန်တက္ကသိုလ်တွေအားလုံးကို တရားဝင်ပစ်မှတ်တွေအဖြစ် သတ်မှတ်မယ် ဆိုတာ အမေရိကန် သမ္မတအိမ်ဖြူတော်ရဲ့ ပေါ့လျော့တဲ့ အုပ်ချုပ်သူတွေက သိသင့်တယ်လို့ IRGC ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ပစ်မှတ်ထားတဲ့ တက္ကသိုလ် ၂ ခုထက် ပိုပြီး ဒေသတွင်းက အမေရိကန်တက္ကသိုလ်တွေကို လက်စားမချေစေချင်ရင် အမေရိကန်အစိုးရအနေနဲ့ မတ် ၃၀ ရက် အီရန်စံတော်ချိန် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားပြီး တက္ကသိုလ်တွေကို ဗုံးကြဲတိုက်ခိုက်မှုကို ရှုတ်ချတဲ့ တရားဝင် ကြေညာချက်တစောင် ထုတ်ပြန်ရမယ်လို့လည်း အီရန်က တောင်းဆိုထားပါတယ်။
တီဟီရန်မြို့တော်ရှိ အီရန်အစိုးရပိုင် အခြေခံအဆောက်အအုံနေရာတွေကို ပစ်မှတ်ထားပြီး စနေနေ့က တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
Source: Reuters











