DVB Logo
Home
Lead Story
သြဂုတ်လမှာ ကြယ်တွေကြွေခဲ့တယ်
DVB
·
August 14, 2018
သြဂုတ်လမှာ ကြယ်တွေကြွေခဲ့တယ်
Donate to DVB

"ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အားလုံးနီးပါးဟာ ယနေ့မနက်မှာ အဖမ်းခံထားရပါပြီ။ သို့သော်လည်း ကျန်ရှိနေသေးတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ အခြေခံပညာကျောင်းသားတွေ၊ တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ၊ ပြည်သူတွေအားလုံးဟာ ယနေ့မှာ ဖြစ်ပေါ်နေတဲ့ လောင်စာဆီဈေးနှုန်း မြင့်မားမှု၊ ကုန်ဈေးနှုန်း မြင့်မားမှုနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ အခွင့်အရေးတွေကို ပြည်သူတွေရှေ့မှာ အကြောက်တရားကင်းကင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်း ဖြစ်ပါတယ်" ဆိုတဲ့ စစ်အာဏာရှင်ခေတ် ကျောပိုးအိတ်အနက်ကလေး နောက်မှာ လွယ်ထားတဲ့ ရဲရဲတောက် အမျိုးသမီးတယောက်ရဲ့ အသံရှင်ကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမတိုင်ခင် ပြည်သူအများ တိတ်တခိုးနဲ့ ၈ ပေစလောင်းကနေ ဖမ်းကြည့်ရတဲ့ ဒီဗွီဘီ ရုပ်မြင်သံကြားမှာ မြင်ဖူး ကြားဖူးခဲ့ကြမှာပါ။

သူမကတော့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးပဲ ဖြစ်ပါတယ်။ မမီးနဲ့ ကျနော် လျှပ်တပြက် ပူးပေါင်းပါဝင်ဖြစ်တာက ယခု သြဂုတ်လ ၂၀၀၇ ဆိုတဲ့ မနက်ခင်းတခုမှာပါ။

ညက ပြည်ပရေဒီယို အသံလွှင့်ဌာနတွေကနေ ကိုထင်ကျော်က လောင်စာဆီကျဆင်းရေး ဆန္ဒပြမယ်လို့ ကြွေးကြော်သံကို ကာတွန်းဆရာကြီး ဦးဖေသိန်းအိမ်ကနေ လိုင်းဖမ်းဖွင့်နေတာ အဆောင်ကနေ ကျနော်ကြားလိုက်ပါတယ်။ ဒါနဲ့ မနက်စောစောထပြီး ရွှေဂုံတိုင်ရုံးချုပ်ကို လိုင်းကားနဲ့ သွားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီရုံးချုပ်ရောက်တော့ အဖွဲ့ချုပ် အဖွဲ့ဝင်အချို့ရယ်၊ ၈၈ မျိုးဆက် ကျောင်းသား ကျောင်းသူတွေရယ်၊ တက္ကသိုလ်အသီးသီးက ကျောင်းသားတွေပါတဲ့ လူအုပ်စုကြီးက အင်းစိန်လမ်းမဘက်ကို ချီတက်ဖို့ ဆိုင်းပြင်းနေပါပြီ။

ကျနော်လည်း သာကေတမြို့နယ်အဖွဲ့ဝင် နေလင်းစိုး အမေနဲ့အတူ ဆန္ဒပြတဲ့အဖွဲ့နဲ့ လိုက်ပါလာခဲ့ပါတယ်။

"ကျမတို့အစ်ကိုတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ အစ်ကိုတွေကို စစ်အစိုးရက မတရားဖမ်းဆီးသွားပါတယ်။ ပြည်သူ့အခွင့်အရေးအတွက် စစ်အစိုးရက ကျမတို့ကိုရိုက်လည်း ခံရဲတယ်၊ ချောင်းရိုက်လည်း ခံရဲတယ်။ ပြည်သူ့အတွက် လောင်စာဆီကျဆင်းရေးကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပါ" လို့ မမီးရဲ့ လက်သီးလက်မောင်းတန်း တရားဟောပြောမှုတွေက လမ်းဘေးမှာ နားထောင်နေတဲ့ ပြည်သူတွေကို ကြက်သီးထလောက်အောင် ထောက်ခံမှု လက်ခုပ်တဖြောင်းဖြောင်းနဲ့ပါ။

အင်းစိန်လမ်းမရောက်တော့ ဘေးဘယ်ညာ လူစုခွဲပြီး ကျနော်တို့ ဟောပြော ဆန္ဒပြခဲ့ကြတယ်။ ကျနော်နဲ့ မမီးက ရန်ကုန်ဘက်ကလာရင် ကားလမ်းဘယ်ဘက်ခြမ်းကို တာဝန်ယူ အကြောက်တရားတွေ စိုးမိုးနေသေးတဲ့ ပြည်သူတွေကို အတူပါဝင် ဆန္ဒပြဖို့ ဖိတ်ခေါ်စည်းရုံးပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့ကြတယ်။

ပြည်ပအခြေစိုက် မီဒီယာသမားတွေ သတင်းယူနေကြသလို စစ်အစိုးရ ပြည်ထဲရေးဌာနနဲ့ ကာကွယ်ရေးအောက်က ဝန်ထမ်းများကလည်း မာဖီ သာမန်အရပ်ဝတ်တွေနဲ့ သတင်းလိုက်ယူနေတယ်။ စကားပြောစက်တွေနဲ့ တောက်လျှောက် သတင်းပို့နေပါတယ်။ အင်းစိန်လမ်းအတိုင်း အနှောင့်အယှက်မရှိ ချီတက်ဆန္ဒပြလာရာကနေ ပါရမီလမ်းဆုံ မီးပွိုင့်နားအရောက်မှာတော့ ကျနော်တို့ ဆန္ဒပြအဖွဲ့တွေ ရုတ်တရက် ရပ်တန့်သွားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မီးပွိုင့်လမ်းဆုံရဲ့ တဖက်ခြမ်းမှာ ဒိုင်နာကားများပေါ်ကနေ အရပ်ဝတ် ယောက်ျားသားများ သမိုင်းလမ်းဆုံအထိ သွားမရအောင် လမ်းပိတ်ဆို့ထားတာကို တွေ့ရပါတယ်။ ကျနော်တို့အဖွဲ့က ရှေ့ဆက်တိုးမလား၊ ဒီနေရာက လူစုခွဲပြီး ယနေ့အတွက် ခဏရပ်ပြီး မနက်ဖြန်မှ ဆန္ဒဆက်ပြကြမလား တိုင်ပင်ဆွေးနွေးနေချိန် ဒေါ်နော်အုန်းလှနဲ့ အဖွဲ့လေးယောက်လောက်က မီးပွိုင့်ကို ကျော်ဖြတ်ချိန်မှာပဲ ဒိုင်နာကားပေါ်ကို အဲဒီအရပ်ဝတ်နဲ့လူတွေ အတင်းစွဲတင်ခေါ်သွားခဲ့တယ်။

ဒီအချိန် ကျနော်တို့ဘက်မှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ဒါကြောင့် ဒီကနေ လမ်းခွဲမယ်၊ မနက်ဖြန် ဘယ်နေရာမှာ ပြန်စမလဲဆိုတာ ရွှေဂုံတိုင်ရုံးချုပ်မှာ စောင့်ကြဖို့ ပြောကြပြီး လူစုခွဲလိုက်ကြတယ်။ မြန်မာ့အသံ ဓာတ်ပြားရအဆိုတော် "မိုးလေးတဖွဲဖွဲရွာတော့ ပျိုမေကို သတိရတယ်" အဆိုရှင် အဘွားကလည်း အသက်အရွယ်နဲ့မမျှ ကျနော်တို့နဲ့အတူ ဆန္ဒပြရာမှာ ပါခဲ့တယ်။

ကျနော်တို့ လူစုခွဲမှန်းသိတော့ တဖက်ဒိုင်နာကားပေါ်က လူတွေက ဆင်းလာပြီး မီးပွိုင့်ကျော်လာကာ တွေ့တဲ့သူ အတင်းဝင်ဖမ်းပါတော့တယ်။ ကျနော်နဲ့ မမီးရယ် တက္ကသိုလ်ကျောင်းသားအချို့ရယ်က ရန်ကုန်ဘက်သွားမယ့် ၅၀ လိုင်းကားပေါ် ပြေးတက်လိုက်လာခဲ့တယ်။

ကားကြီးကလည်း ခဏပဲ မောင်းလာရသေးတယ်။ လှိုင်ရဲစခန်းရှေ့ရောက်တော့ ကားလမ်းမပေါ် သံဆူးကြိုး သစ်တားအကာတွေနဲ့ လမ်းပိတ်ဆို့ထားပြီး စခန်းထဲမောင်းဖို့ ရဲတယောက်က ညွှန်ကြားနေပါတယ်။

ဒီအချိန် မမီးက ကျောပိုးအိတ်ထဲမှာ အသင့်ပါလာတဲ့ အင်္ကျီကို အပေါ်ထပ်ဝတ် လျှာထိုးဦးထုပ်တခုကို ထုတ်ဆောင်းပြီး ကျနော်တို့ ဒီကနေ တနေရာစီ လမ်းခွဲဖို့ပြောကာ ကားပေါ်ကနေ ခပ်တည်တည် ခရီးသွားဟန်လွှဲ ဆင်းသွားခဲ့ပါတယ်။

မမီးက ရှေ့ဆက်ဖို့ ခရီးသည်တဦးပမာ ရန်ကုန်ဘက်ကို ရဲရှေ့က ဖြတ်လျှောက်သွားခဲ့တယ်။ ကျနော်က လမ်းတဖက်ကူးပြီး လှိုင်တရားရုံးရှေ့ကနေ လှိုင်တက္ကသိုလ်ထဲကို ဖြတ် ပြည်လမ်းဘက်ကို တက်ခဲ့တယ်။

ဒီနောက်ပိုင်း ပခုက္ကူ သံဃာအရေးအခင်း ဖြစ်တယ်။ စက်တင်ဘာတလလုံး ကျနော်တို့ ရွှေဝါရောင် တော်လှန်ရေးတိုက်ပွဲ ဝင်ခဲ့တယ်။ မမီးတို့ ၈၈ မျိုးဆက်အဖွဲ့က ထောက်ကြန့်နားက ၈၈  ရဲဘော် ကိုအောင်သိုက်စိုး ရာဘာခြံထဲမှာ အဖမ်းခံရတယ်လို့ သိလိုက်ရတဲ့အချိန် ကျနော်တို့ကတော့ ပြေးလို့ကောင်းနေတုန်းပါ။

ဒီလ ဒီနေ့ သြဂုတ် ၁၃ ရက်နေ့မှာ စည်သူဇေယျရယ်၊ ကိုလှမိုး (မမီးအမျိုးသား) ရယ် ကျနော့်ဆီ အလုပ်ကိစ္စတခုနဲ့လာဖို့ ချိန်းထားရာ ပဲခူးဘုရားကြီးကနေ မမီး ကားအက်စီးဒင့် ဖြစ်ဖြစ်ချင်း အရေးပေါ် ရန်ကုန်ပြန်သွားကြရတယ်။

ညနေ ၅ နာရီ ၂၀ လောက်ရောက်တော့ မမီးဆုံးပြီတဲ့ သတင်းက ကျနော် ယုံတောင်မယုံဘူးဗျာ။ နာရေးကူညီမှုမှာ အရေးပေါ်ကယ်ဆယ်ရေး ပရဟိတသမတဦး ဒီလို အဖြစ်ဆိုးနဲ့ ကြုံရတယ်လို့။ မမီးရေ လူသေပေမယ့် နာမည်မသေသူထဲမှာ အမ ပါတယ်။

နှစ်ပေါင်း ၃၀ အကြာက ဒီ သြဂုတ်လဟာ မြန်မာပြည်အတွက် အသက်ချွေးတွေ ယူသွားပြီးတဲ့အပြင် ပြည်သူ့အစိုးရလက်ထက်အထိ ကြယ်တွေကို ခူးခြွေနေတုန်းပါလား။

၂၀၀၇ ရွှေဝါရောင်နောက်ခံ ကျနော့်ဝတ္ထုလေးမှာ မမီး ရေးပေးတဲ့ comment လေးနဲ့အတူ ဒီဆောင်းပါးလေးကနေ နှုတ်ဆက်လိုက်ပါတယ်။

"အစ်ကိုတွေအားလုံး အဖမ်းခံရပေမယ့်၊ ၈၈ မျိုးဆက် ဘယ်တော့မှ မသေဘူး။ ပြည်သူနဲ့အတူ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ အရေးတော်ပုံကို ဦးဆောင်ခဲ့တာပါ။"

မမီး ကောင်းရာသုဂတိလားပါစေ။

ဗိုလ်သူရိန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013