အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နဲ့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားတယ်လို့ ကြေညာပြီး မကြာမီမှာဘဲ ပင်လယ်ကွေ့ဒေသနဲ့ အစ္စရေးတဝန်းမှာ ဒုံးကျည်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်စစ်တပ်က အီရန်အပေါ် တိုက်ခိုက်တာတွေကို ရပ်ထားပေမဲ့ အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေတုန်းပဲလို့ အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးကာလအတွင်း အီရန်စစ်တပ်က အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြားကတဆင့် သင်္ဘောတွေ ဖြတ်သန်းသွားလာမှုကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ထရမ့်ပ်က ရေလက်ကြားကို ပြန်ဖွင့်ရေးဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အဓိက အခြေအနေတရပ်ပဲလို့ ပြောပါတယ်။
ဧပြီ ၈ ရက် အစောပိုင်းမှာ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာ ဒုံးကျည်တွေကို ထပ်ပြီး ကြားဖြတ် ပစ်ချခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၇ ရက်မှာ အီရန်နဲ့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်ဖို့ သဘောတူခဲ့ပြီး အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ ဒါမှမဟုတ် အရပ်ဘက် အခြေခံအဆောက်အအုံတွေအပေါ် အပြင်းအထန် တိုက်ခိုက်တာကို ရင်ဆိုင်ဖို့ နောက်ဆုံးအချိန် မတိုင်မီ ၂ နာရီအလိုမှာ သဘောတူခဲ့တာပါ။
ထရမ့်ပ်က ကြေညာအပြီး တနာရီကျော်အကြာမှာတင် အီရန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပြီး ဒုံးခွင်းဒုံးတွေရဲ့ ပေါက်ကွဲသံတွေကို တဲလ်အဗစ်မြို့မှာ ကြားခဲ့ရပါတယ်။
ဂျေရုဆလင်၊ တဲလ်အဗစ်နဲ့ အနောက်ဘက်ကမ်းတို့မှာလည်း ဒုံးကျည်တွေကို မြင်တွေ့ခဲ့ရပြီး ဧပြီ ၈ ရက် အစောပိုင်းမှာ ကြားဖြတ် ပစ်ချခဲ့ရပါတယ်။
ကူဝိတ်၊ ဘာရိန်း၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု အပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေကလည်း တပြိုင်နက်တည်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်တွေကို အသက်သွင်းခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး အီရန်က ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ အစ္စရေးနဲ့ အမေရိကန် ပစ်မှတ်တွေကို ဒုံးကျည်နဲ့တိုက်ခိုက်ရင်း လက်စားချေခဲ့ပါတယ်။
Source: Reuters










