
အင်္ဂလန်ပဥ္စမတန်းကလပ် ဖောရက်ဂရင်းရိုဗာဘောလုံးအသင်းဟာ အသင်းရဲ့ ခြေစွမ်းတိုးတက်စေဖို့ အိမ်တွင်းစိုက်အပင်တွေ အဝတ်လဲခန်းမှာ ထားထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အိမ်တွင်းမှာစိုက်ပျိုးတဲ့ အပင် ၆၀ ကျော်ကို အဝတ်လဲခန်းထဲမှာ ထားခဲ့တာဖြစ်ပြီး ဖောရက်ဂရင်းရိုဗာရဲ့ လုပ်ဆောင်မှုက သမားရိုးကျမဟုတ်တဲ့ လုပ်ဆောင်မှုတခုလည်း ဖြစ်ပါတယ်။
ဖောရက်ဂရင်းဟာ အောက်တိုဘာ ၃၁ ရက်မှာ အဆင့်နှစ်နေရာက ဟာရိုဂိတ်တောင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲမတိုင်မီ ကစားသမားတွေရဲ့ အဝတ်လဲခန်းမှာ အိမ်တွင်းစိုက်အပင်တွေနဲ့ အလှဆင်ထားတာကို ထူးဆန်းစွာ တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။
ဖောရက်ဂရင်းရဲ့ လုပ်ဆောင်မှုက ထူးခြားနေပေမဲ့ နိုဝင်ဘာ ၃ ရက်ကနေ ၇ ရက်နေ့မှာ နိုင်ငံတကာ စိတ်ဖိစီးမှုဆိုင်ရာ ရက်သတ္တပတ်နဲ့ တိုက်ဆိုင်နေတဲ့နေ့လည်း ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ဘောလုံးအသင်းတွေဟာ ကာယကြံ့ခိုင်မှုကို အဓိကထားလေ့ရှိပေမဲ့ ဖောရက်ဂရင်းအသင်းကတော့ ရိုးရာလမ်းကြောင်းကို မလိုက်ဘဲ ကစားသမားတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲပေးတဲ့ ပုံစံကို ပြောင်းလဲအသုံးပြုတာ ဖြစ်ပါတယ်။
“ပြိုင်ပွဲတွေမှာ စိတ်နဲ့ခန္ဓာက အရေးပါပုံက ဆက်စပ်နေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဖိအားများတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျနော်တို့ ကစားသမားတွေကို ကျနော်တို့ ကူညီနိုင်မှာပါ” လို့ နည်းပြ ယန်ကလူကော့စကီးက ပြောပါတယ်။
ဖောရက်ဂရင်းအသင်းဟာ ကမ္ဘာ့ပထမဆုံးက ကာဗွန်ထုတ်လုပ်မှု ကင်းစင်တဲ့အသင်း ဖြစ်သလို အသား၊ ငါးတွေ မစား၊ မရောင်းချတဲ့ ဗေဂန်အသင်းအဖြစ် ၁၁ နှစ်ကြာ ရပ်တည်နိုင်ခဲ့တဲ့ အသင်းဖြစ်တာကြောင့် အခုလို သဘာဝနဲ့ သဟာဇာတဖြစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ရင်းနှီးပြီးသား အသင်းလည်း ဖြစ်ပါတယ်။
Source: Reuters











