
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင်းနဲ့ မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်တို့ ဦးဆောင်ပြီး ဘန်ကောက်မြို့ရှိ အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ အဆင့်မြင့်ဆွေးနွေးပွဲမှာ ၂ နိုင်ငံအကြား စွမ်းအင်ကိစ္စ၊ ကုန်သွယ်ရေးနဲ့ နယ်စပ်တလျှောက် တည်ငြိမ်ရေး ကိစ္စရပ်တွေ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့နဲ့ ၂ နိုင်ငံ ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေဖို့ အတွက်လည်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ရှိနေပြီး အစိုးရသစ်အနေနဲ့ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်က ပြောတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ရေး လုပ်ဆောင်သွားမဲ့ အကြောင်းနဲ့ အာဆီယံအဖွဲ့နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲကို ထိုင်းအစိုးရဘက်က ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးနဲ့ စွမ်းအင်ဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကတော့ စစ်အာဏာရှင်ခန့် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၊ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုန်း၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုး စသူတွေ တက်ရောက်ခဲ့ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဒီနေ့မနက်က ထိုင်းနိုင်ငံကို ၂ ရက်ကြာ တရားဝင် ချစ်ကြည်ရေးခရီး ရောက်လာတာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အနုထင်းက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဘန်ကောက်မြို့ရှိ သီရိခတ်ဘုရင်မ အထိမ်းအမှတ် ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပတဲ့ ထိုင်း-မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ သမ္မတရာထူး ယူပြီးနောက် မြန်မာ့အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နဲ့ လာအိုနိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ကို ကန့်ကွက်ကြောင်း ထိုင်းအရပ်ဘက် အဖွဲ့အစည်း ၁၆ ဖွဲ့က သြဂုတ် ၅ ရက်က ပူးတွဲကြေညာခဲ့သလို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဒီကနေ့ ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။
Source: The Nation/Reuters










