
မြိုင်မြို့နယ်ကို စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းဝင်ရောက်နေတာ ၂ လကျော် ကြာမြင့်လာပြီး စစ်ကြောင်းသွားရာ လမ်းတလျှောက် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ မိုးထဲရေထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။
မကွေးတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးမှုအားကောင်းတဲ့ မြိုင်မြို့နယ်ကို ပခုက္ကူတပ်မ ၁၀၁ က စစ်ကောင်စီတပ်သားတွေက ဇွန်လ အစောပိုင်းထဲက စစ်ကြောင်းထိုးနေခဲ့တာ အခုဆိုရင် ၂ လကျော် ကြာမြင့်လာပါပြီ။
လက်ရှိမှာတော့ စစ်ကြောင်းက မြိုင်မြို့နယ် ယာကြီးပြင်ကျေးရွာမှာ ဩဂုတ် ၁ ရက်နေ့ရောက်ရှိခဲ့ပြီး ရွာကို မီးရှို့ပြီးထဲက တပ်စွဲထားတာ ၁၀ ရက်ကျော်ကြာမြင့်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ယာကြီးပြင်ကျေးရွာနဲ့ ရေနံမှော်နဲ့ ၂ မိုင်ဝန်းကျင်သာဝေးတဲ့အတွက် ပြည်သူတွေမှာ စစ်ဘေးရှောင်နေကြရသလို စားသောက်ဖို့အတွက်လည်း အလုပ်မလုပ်ကိုင်နိုင်ကြပါဘူး။
စစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် တိုက်ပွဲနဲ့ နီးတဲ့ ကျေးရွာတွေနဲ့ မြို့နယ်ထဲက လူစည်ကားတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဩဂုတ် ၈ ရက်နေ့ကလည်း ဆူးဝင်းရွာနားက ရေနံမှော်ကို လေကြောင်းတိုက်ခိုက်တာကြောင့် အလုပ်သမား ၂ ယောက် သေဆုံးခဲ့ရပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ တိမ်းရှောင်နေကြရပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ညဘက်မအိပ်ရဲတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲကရှိတယ် မနေ့က။ တိုက်ပွဲဖြစ်ရင် ဒီဘက်က လေယာဉ်သွားတာတွေတော့ တွေ့ရတယ်။ မနေ့က 35 တစီးသွားတယ်၊ ပစ်ပြီးပြန်လာတယ်။ ဂျိုင်ရိုကော်ပတာလည်း ၂ စီးတက်တာပေါ့။ အဲဒီရက် ၁၀၀ စီမံကိန်းနဲ့ နယ်မြေရှင်းလင်းမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့လာတာပေါ့။ ရက် ၁၀၀ တော့ ကျော်တော့ကျော်သွားပြီ။ ဒုတိယရက် ၁၀၀ ထဲတော့ ရောက်နေပြီ။ လေကြောင်းက ပြီးခဲ့တဲ့ ရက်ကတော့ ငြိမ်သွားပြီ အခုတခါ ပြန်လာပြန်ပြီပေါ့။”
ကြားကာလစာသင်ကျောင်းတွေ ပိတ်ထားရပြီး လက်ရှိအချိန်မှာတော့ စစ်ကြောင်းနဲ့ ဝေးတဲ့ကျေးရွာတွေက စာသင်ကျောင်းတွေကို အလှည့်ကျပုံစံဖွင့်ပြီး စာသင်ကြားနေကြရပါတယ်။
လက်ရှိမှာတော့ စစ်ကြောင်းကြောင့် ယာကြီးပြင်၊ သင်းမ၊ ဘောင်းပြင် စတဲ့ရွာတွေအပါအဝင် ကျေးရွာ ၉ ရွာက ပြည်သူ ၁ သောင်းဝန်းကျင် တိမ်းရှောင်နေကြရတာ ၁၀ ရက်ကျော် ကြာမြင့်လာပြီလို့ ဆိုပါတယ်။
ဒီရက်ပိုင်း မကွေးတိုင်းမှာ မိုးရွာသွန်းမှု များတဲ့အတွက် ပြည်သူတွေဟာ စစ်ဘေးရှောင်နေရတဲ့ အချိန်မှာ ထမင်းနပ်မှန်အောင် စားသောက်ဖို့တောင် ခက်ခဲနေတယ်လို့ အကူအညီပေးနေသူတယောက်က ပြောပါတယ်။
“မိုးကတော့ စစ်ကြောင်းစဝင်ကထည်းက ရွာတာ။ တောင်သူလယ်သမားတွေဆိုရင် စိုက်ချိန်ပျိုးချိန်ကြီးဆိုတော့ စိုက်ပျိုးဖို့လည်း နောက်ကျကုန်တာပေါ့။ အခြေခံပြည်သူတွေဆိုရင် စားဝတ်နေရေး ခက်ခဲတယ်၊ ဒီလိုကြီး ရက်ရှည် စစ်ရှောင်ရတော့ အခုရှောင်ရတဲ့လူတွေဆိုရင် သူတို့လာထဲက ၈၂ ရက် ကျော်နေပြီပေါ့လေ။ မိုးထဲရေထဲမှာ အဲဒီထဲက မိုးကျတာ၊ စထွက်လာထဲကလည်း မိုးထဲ ခုချိန်ထိလည်း မိုးထဲမှာ ဘယ်လိုပြောရမလဲ၊ တောထဲမှာ ချက်ပြုတ်စားဖို့ ဆန်ရှိရင်တောင် ထင်းမလွယ်ဘူးလေ၊ မိုးရွာရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး လိုက်စောင့်ရှောက်တာရှိပေမဲ့ တောထဲ တောင်ထဲမှာ သွားဖို့က မလွယ်ဘူး လှည်းတွေ နွားတွေနဲ့က။”
စစ်ကြောင်း မြိုင်မြို့နယ်ထဲကို ဝင်ရောက်နေတဲ့ ၂ လကျော်အတွင်း စစ်အာဏာရှင်တပ်က သတ်ဖြတ်မှု လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု နဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် ပြည်သူ အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြားမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပေမဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။










