
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၊ အာရက္ခ အမျိုးသားပညာရေးဌာန လက်အောက်မှာ ဝင်ရောက်လုပ်ကိုင်လိုတဲ့ ဆရာ၊ ဆရာမတွေကို စိစစ်နေပြီး ၂၀၂၆-၂၀၂၇ ခုနှစ်မှာ ပညာရေးကဏ္ဍ စနစ်တကျ လည်ပတ်နိုင်ဖို့အတွက် စိစစ်နေတယ်လို့ ရခိုင်ပညာရေးအသိုက်အဝန်းက သိရပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုနဲ့ ကျောက်ဖြူမြို့နယ်တို့မှာပါ အာရက္ခပညာရေးဌာနက အခြေခံပညာရေးကဏ္ဍတွေကို ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှာ စစ်ရေးကာလဖြစ်တာကြောင့် ပညာရေးကဏ္ဍမှာ အဆင်ပြေသလို သွားခဲ့တာကနေ အခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ပိုမို စနစ်တကျ ပညာရေးစနစ် ဖြစ်လာဖို့ ပြင်ဆင်နေတာလို့ ပညာရေးဝန်ထမ်း အမျိုးသားတယောက်က ပြောပါတယ်။
“အာရက္ခ အမျိုးသားပညာရေးဌာနက အခု ပညာသင်နှစ်ကစပြီး ပညာရေးကို စနစ်တကျ လည်ပတ်နိုင်ဖို့ ပြင်ဆင်နေတာ ရှိတယ်။ ဆရာ၊ ဆရာမတွေကို တတ်နိုင်သလောက် လစာတွေပေးဖို့ စီစဉ်နေတာလည်း ရှိတယ်။ အရင် ၂ နှစ်ကတော့ စစ်ရေးကာလဖြစ်တာကြောင့် ပညာရေးက ရပ်တန့်မသွားစေဖို့ အတွက်ပဲ အဆင်ပြေသလို လည်ပတ်ခဲ့ရတာ။ အဲဒီနှစ်တွေက တချို့ ဆရာ၊ ဆရာမတွေ ပြည်မရှိ စစ်ကော်မရှင် လက်အောက်မှာ တာဝန်ထမ်းဆောင်နေပြီး ဒီဘက်မှာလည်း စာရင်းသွင်းထားကြတာ ရှိတယ်။ တချို့ဆိုရင် ရခိုင်မှာနေပေမဲ့ ရုံးမှာ စာရင်းသွင်းထားပြီး ကျောင်းမပြဘဲ အိန္ဒိယကို ကုန်သွယ်နေကြတဲ့ သူတွေရှိတယ်။ ဒီလို စာရင်းသာရှိပြီး ကျောင်းမပြတဲ့ ဆရာ၊ ဆရာမတွေကြောင့် ကလေးတွေရဲ့ ပညာရေး နစ်နာမှုတွေရှိလာလို့ ဒီနှစ်မှာ တရားဝင် လုပ်မဲ့ ဆရာ၊ ဆရာမ စာရင်းနဲ့ အရေအတွက်ကို သေချာ စိစစ်မှုတွေ လုပ်ဆောင်နေတာရှိတယ်။”
အာရက္ခ အမျိုးသားပညာရေးဌာနက ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၂ ခုကို အောင်မြင်စွာ စစ်ဆေးထားပြီးဖြစ်သလို အောင်မြင်တဲ့ ကျောင်းသားတွေ တက်ရောက်နိုင်ဖို့ ဆေးသိပ္ပံ၊ သူနာပြုသင်တန်းကျောင်းတွေ၊ ဆရာဖြစ် ပညာရေး သင်တန်းကျောင်းတွေ ဖွင့်လှစ်ထားသလို တခြား နည်းပညာတက္ကသိုလ်တွေ အပါအဝင် ဝိဇ္ဇာ၊ သိပ္ပံနဲ့ စိုက်ပျိုးရေးတက္ကသိုလ်တွေ ဖွင့်လှစ်နိုင်ဖို့ စစ်တမ်းကောက်နေတာတွေလည်း ရှိပါတယ်။
အရင်နှစ်တွေက AA ထိန်းချုပ်မြို့နယ်တွေက ဆရာ၊ ဆရာမတွေရဲ့ လစာတွေက ကျောင်းသား၊ ကျောင်းသူတွေဆီက ကောက်ယူပြီး အချိုးကျ ခွဲဝေပေးခဲ့ပေမဲ့ အခုနှစ်မှာ ဆရာ၊ ဆရာမတွေရဲ့ လစာကို ဘယ်လိုပုံစံမျိုးနဲ့ ပေးမယ်ဆိုတာ မသိရသေးဘူးလို့ ပညာရေးဝန်းထမ်းတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အရင် စစ်ကောင်စီလက်ထက်ကတည်းက ဆရာ၊ ဆရာမတွေ ရှိကြသလို အာရက္ခ အမျိုးသားပညာရေးဌာနက မွေးထုတ်ပေးထားတဲ့ ဆရာ၊ ဆရာမတွေနဲ့ ရှိလာပြီး အဲဒီဆရာတွေကို ရောနှောကာ ကျောင်းတွေမှာ စာသင်ကြားနေကြတာလို့ နောက်ထပ် ကျောင်းဆရာတယောက်က ပြောပါတယ်။
“ဒီနှစ်တော့ ဆရာ၊ ဆရာမတွေ အနေနဲ့ မဖြစ်မနေ စာသင်ကြရမယ်လို့ ကြားတယ်။ မနှစ်တုန်းကဆို မပြရင်လည်း ရတယ်။ စစ်ရှောင် ဆရာ၊ ဆရာမတွေလည်း ရှိကြတော့ အခြေအနေအရ စာမပြကြတဲ့သူတွေလည်း ရှိတယ်။ ဒီနှစ်တော့ ဆရာ၊ ဆရာမ ဆက်လုပ်မယ်ဆိုရင် စာမပြလို့ မရတော့ဘူး။ နောက် အာရက္ခ အမျိုးသားပညာရေးဌာနက ဆရာ၊ ဆရာမတွေကိုလည်း မွေးထုတ်ပေးနေတာတွေ ရှိတယ်။ အကုန်လုံးရောပြီးတော့ ကျောင်းတွေမှာ တာဝန်ချပေးမယ်လို့တော့ ကြားထားရတယ်။”
AA ထိန်းချုပ် မြို့နယ်တွေမှာ စစ်ဘေးရှောင် ကျောင်းသားတွေလည်း သောင်းနဲ့ချီ ရှိနေကြပြီး တချို့ကျောင်းသားတွေဟာ နီးစပ်ရာ ရွာတွေမှာ ပညာသင်ကြားနေကြသလို တချို့ စစ်ဘေးရှောင် စခန်းတွေမှာတော့ ပညာရေးဖောင်းဒေးရှင်းတွေက အခမဲ့ သင်ကြားပေးနေကြတာတွေလည်း ရှိကြပါတယ်။
ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ၇ သိန်းနီးပါး ရှိနေတာဖြစ်ပြီး စာအုပ်နဲ့ ကျောင်းသုံးကိရိယာတွေ စရိတ်တွေဟာ တနှစ်ထက်တနှစ် မြင့်တက်လာနေတာကြောင့်လည်း ကျောင်းသားတွေ ပညာသင်ကြားနိုင်ဖို့ စိန်ခေါ်မှုတွေလည်း ရှိနေကြတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။










