
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ ရေကြီးမြေပြိုမှုမှာ သေဆုံးသူ ၃၀ ယောက်ထက်မနည်း ရှိလာပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) က စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ညနေပိုင်းမှာ မိုးရွာသွန်းမှု ရပ်တန့်သွားပြီး နေရာတချို့မှာ ရေအနည်းငယ်ပြန်ကျဆင်းနေပေမဲ့ ပုံမှန်အခြေအနေကို မရောက်သေးဘဲ မြေသားစိုထိုင်းဆ မြင့်တက်နေတာကြောင့် တောင်ပြိုမှုအန္တရာယ် ဆက်ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရေကြီး မြေပြိုမှုတွေကြောင့် မြေသားတွေ ရွေ့လျားခဲ့ပြီး ရေစီးကြောင်းနဲ့အတူ နေရာရွေ့ ပါလာနိုင်တဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ကိုလည်း သတိပြုဖို့ သတိပေးထားပါတယ်။
ရေဘေးသင့်ပြည်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ နေအိမ်တွေကို အလျင်စလို ပြန်လည်နေထိုင်ခြင်း မပြုကြသေးဘဲ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အစားအသောက်တွေကိုသာ သုံးစွဲကာ ဝမ်းပျက်ဝမ်းလျှောနဲ့ ကူးစက်ရောဂါတွေ ဂရုစိုက်ကြဖို့ TNF ကထုတ်ပြန်ထားပါတယ်။
ထားဝယ်ဒေသမှာ စံချိန်တင်မိုး ၂၈၀ မီလီမီတာအထိ ရွာသွန်းတာကြောင့် သရက်ချောင်းမြို့နယ်မှာ ပြည်သူ ၁၈,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုရ (NUG) လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့နယ်တော့ နေအိမ် အလုံး ၈၀ ကျော် မြေပိ နစ်မြုပ်ပြီး သေဆုံးသူ ၃ ယောက်နဲ့ ပျောက်ဆုံးသူ ၁၂ ယောက်ကျော်ရှိကာ ဒေသခံ အယောက် ၅၆၀ ကျော် ယာယီခိုလှုံနေရတယ်လို့ ဆိုပါတယ်။
NUG အနေနဲ့ တနင်္သရီတိုင်းဒေသအတွင်းရှိ ရေဘေးသင့်ပြည်သူတွေထံ အရေးပေါ် စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် မြန်မာငွေကျပ် သိန်း ၆၀ နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၄၅,၀၀၀ ကို အရင်ဆုံး ထောက်ပံ့ထားပြီး မြေပြင်အချက်အလက် အခြေအနေတွေကို ဆက်လက်ရယူပြီး ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။
၀န်ကြီးဌာနရဲ့ အဆိုအရ လောင်းလုံးမြို့နယ်ဘက်တွေမှာ ရေကြီးနေပြီး စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေကြောင့် ရေဘေးသင့်ပြည်သူ့တွေအနေနဲ့ တပူပေါ် နှစ်ပူဆင့် စစ်ဘေးရှောင်နေရသလို မောတောင်ဘက်မှာလည်း နေရပ်ပြန် စစ်ရှောင်တွေကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။










