DVB Logo
Home
မြန်မာသတင်း
မြန်မာကျားဖြန့်ဂိုဏ်းများ အမြစ်မပြတ်သေးဘဲ လူ ၅,၃၀၀ ကျော် ပိတ်မိနေ
DVB
·
June 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပြီးခဲ့တဲ့နှစ်အတွင်း ဒေသတွင်းမှာ နိုင်ငံစုံပူးပေါင်းပြီး နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံထဲက အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းခွင်တွေထဲမှာ လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AlJazeera သတင်းမှာ ဇွန် ၂၃ ရက်က ဖော်ပြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် လူကုန်ကူးမှုခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က ထိုင်းရဲတပ်ဖွဲ့ဆီ အရေးယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်းစာတစောင် ပေးပို့ခဲ့တာပါ။

ပိတ်မိနေသူအများစုဟာ နိုင်ငံခြားသားတွေဖြစ်ပြီး မြန်မာနိုင်ငံတွင်းက DKBA ထိန်းချုပ်နယ်မြေ အတွင်းက နေရာ ၄ ခုမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာလို့ ဆိုပါတယ်။

အဆိုပါအဖွဲ့ရဲ့ အချက်အလက်တွေအရ ပိတ်မိနေသူတွေထဲမှာ တရုတ်နိုင်ငံသား ၁,၆၀၀ ဝန်းကျင်နဲ့ မြန်မာနိုင်ငံသား ၂၀၀ နီးပါး ပါဝင်နေသလို ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရာဇီး၊ ရုရှား၊ ကင်ညာ၊ ယူဂန်ဒါ၊ ရဝမ်ဒါနဲ့ ဇင်ဘာဘွေနိုင်ငံတွေကလည်း ပါဝင်နေတာပါ။

ဒီလို တရားမဝင် ကျားဖြန့်ဂိုဏ်းတွေ အများအပြားဟာ အခုထက်ထိ ဖျက်သိမ်းခံရခြင်း မရှိသေးသလို ကျန်ရှိနေတဲ့ သားကောင်တွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေး စစ်ဆင်ရေးတွေလည်း လုပ်ဆောင်နိုင်ခြင်း မရှိသေးတဲ့အကြောင်းလည်း အဆိုပါကွန်ရက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျားဖြန့်ဂိုဏ်းတွေဟာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပြီး တကမ္ဘာလုံးက သားကောင်တွေကို ထိခိုက်နစ်နာအောင် လုပ်နေဆဲ ဖြစ်သလို အထူးသဖြင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပြည်သူတွေ ပိုပြီးခံနေရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင်အာရှက ကျားဖြန့်ဂိုဏ်းတွေဟာ တကမ္ဘာလုံးက ပြည်သူတွေကို လိမ်လည်လှည့်ဖြားဖို့အတွက် ရည်ရွယ်ပြီး တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ဒေသတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း အဆိုပါ လုပ်ငန်းတွေ သိသိသာသာ တိုးပွားလာခဲ့တာဖြစ်ပြီး အစပိုင်းမှာတော့ စနစ်တကျမရှိတဲ့ ကာစီနိုရုံတွေနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ဆက်စပ်နေခဲ့ကာ အခုအခါမှာတော့ ဒေါ်လာဘီလီယံချီ တန်ကြေးရှိတဲ့ လုပ်ငန်းကြီးတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က "အခုလို မရေတွက်နိုင်အောင် ဆိုးရွားလှတဲ့ ချိုးဖောက်မှုတွေဟာ အံ့ဩတုန်လှုပ်စရာကောင်းသလို တချိန်တည်းမှာပဲ အလွန်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမဲ့ သားကောင်တွေဟာ သူတို့ ရထိုက် ရခွင့်ရှိတဲ့ ကာကွယ်စောင့်ရှောက်မှု၊ ပြုစုစောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေးနဲ့ တရားမျှတမှု ရှာဖွေနိုင်မဲ့ လမ်းစတွေ ရရှိမဲ့အစား အများအားဖြင့်တော့ ယုံကြည်မှုမခံရတာ၊ သိက္ခာချ စွပ်စွဲခံရတာတွေနဲ့တင်မကဘဲ နောက်ထပ် ပြစ်ဒဏ်ချမှတ်ခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်” လို့ ပြောပါတယ်။

Source: AlJazeera

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013