DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ကုန်စည်စီးဆင်းမှု ပြန်ကောင်းလာပေမယ့် ကုန်ဈေးနှုန်းများ ဆက်တက်နေ
DVB
·
August 3, 2018
ဘားအံတွင် ကုန်စည်စီးဆင်းမှု ပြန်ကောင်းလာပေမယ့် ကုန်ဈေးနှုန်းများ ဆက်တက်နေ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ သံလွင်မြစ်ရေကြီးပြီး ကားလမ်း ရေကျော်နစ်မြုပ်မှုတွေကြောင့် အခြေခံစားသောက်ကုန်​ဈေးနှုန်းတွေ နှစ်ဆလောက် မြင့်တက်နေပါတယ်။

လက်ရှိ ရေအနည်းငယ်ကျသွားလို့ ကုန်စည်စီးဆင်းမှုတွေ ပြန်လည်ကောင်းမွန်လာပေမယ့် ကုန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းတာ မရှိတဲ့အတွက် အခြေခံ လူတန်းစားတွေမှာ အခက်အခဲတွေရှိတယ်လို့ ဘားအံ ဒေသခံတွေက ပြောပါတယ်။

အခြေခံစားသုံးကုန်တွေဟာ ယခင်​​ဈေးနှုန်း​တွေထက်​ ရိုးရိုးဆန် ၁ အိတ်​ကို ၃ဝဝဝ ကျပ်၊ ဆီ ၁လီတာဘူး ၅ဝဝ ကျပ်၊ ကြက်စီပီ ၁ ပိဿာ ၃ဝဝဝ ကျပ်၊ ငါး ၁ ပိဿာ ၃၅ဝဝ ကျပ်၊ ပုဇွန် ၁ ပိဿာ ၄ဝဝဝ ကျပ်၊ ဂေါ်ဖီထုပ် ၁ ထုပ် ၁၅ဝဝ ကျပ်၊ အသီးအရွက် ၁ ပိဿာ ၃ဝဝဝ ကျပ်စီ ကုန်အမျိုးအစားပေါ် လိုက်ပြီး ​ ​ဈေးနှုန်းပိုတက်​လာတယ်​လို့ ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့နယ်၊ အိန္ဒုတိုက်နယ်၊ ကျေးလက်ကျန်းမာရေးဝန်ထမ်း၊ ဒေါ်ခိုင်မာလင်းက “ရေဘေးကြောင့်လားတော့ မသိဘူး။ ဈေးက တအားတက်လာတယ်။ ဘယ်လိုပြောမလဲ ဝန်ထမ်းလစာနဲ့ ပြောရမယ်ဆိုရင်တော့ အဆင်မပြေဘူး။ အခြေခံလူတန်းစားအတွက်က ပိုဆိုးတာပေါ့။ သူတို့ စားရေးသောက်ရေး အခက်အခဲက တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်သွားမယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

အမှတ် ၅ ရပ်ကွက်၊ သားငါးအရောင်းဆိုင်၊ ဒေါ်ချယ်ရီက “ဈေးတွေက တက်တယ်။ ဘယ်လိုပြောမလဲ၊ ၁ဝဝ တန်ဟာ ၂ဝဝ ဖြစ်ကျတယ်။ စားရတာ ချွေတာပြီး စားရတယ်။ အခက်အခဲတွေ ဖြစ်ကြရတယ်။ လူတွေက စားဖို့ မရှိတော့လည်း ဝယ်စားရတာပေါ့။ အနည်းဆုံး ၁ဝဝဝ ကျပ်လောက်တက်တော့ စားသောက်ရတာ အခက်အခဲဖြစ်ကြရတယ်” လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာ၊ ဒေါ်မြင့်ဌေးက “အမြတ် ၅ဝ၊ ၁ဝဝ နည်းနည်းပါးပါး စား တော်ပြီးပေါ့။ များများစားလို့ရှိရင် သူဌေးက ဘာမှမဖြစ်ဘူး။ မရှိတဲ့သူကျတော့ ပိုပြီး ဒုက္ခရောက်တာပေါ့။ ကုန်ဈေးနှုန်းမတက်အောင် အထက်က လာကြည့်ရမှာပေါ့။ သူတို့ လာကြည့်မှ ပြည်သူလူထုက သက်သာလာမှာ။ သူတို့ လာကြည့်တာ အောက်မှ မရောက်တာ”လို့ ပြောပါတယ်။

ပြည်တွင်း စားသောက်ကုန်ဈေးတွေအပြင် ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ အခြေခံ စားသောက်ကုန်တွေပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့မှုနဲ့ ထိုင်းဘတ်ငွေ မြင့်တက်လာမှုကြောင့် ကုန်ပစ္စည်းအမျိုးအစားလိုက် ငွေကျပ် ၁ဝဝ ခန့်စီ ဈေးတက်လာတယ်လို့ ထိုင်းစားသောက်ကုန် ရောင်းဝယ်သူတွေက ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်၊ ကုန်စိမ်းအရောင်းဆိုင်၊ ကိုအောင်စိုးဝင်က “တချို့ကျတော့လည်း စားချင်တာကို မစားတော့ဘူး။ တကယ်ဈေး ပုံမှန်ပြန်ဖြစ်သွားရင် ပြန်စားကျမှာပေါ့။ လမ်းခရီးကောင်းသွားရင် ပုံမှန်အတိုင်း ပြန်ဖြစ်ချင်တယ်။ ဒါမှလူတွေလည်း များများစားသုံးလို့ရအောင် ကိုယ်လည်း များများရောင်းရတာပေါ့။ အရင်က ဂေါ်ဖီထုပ် ၂ဝဝ၊ ၃ဝဝ ကုန်တဲ့နေရာမှာ အခု ၁ဝဝ ပဲဆိုတော့ ရောင်းအားနည်းသွားတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၆ ရက်က ဘီးလင်းမြို့အနီးမှာ ကားလမ်းရေကျော်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ကားသွားလာမှုတွေကို ယာယီပိတ်ထားခဲ့တဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ခဲ့ပြီး ဇူလိုင် ၃ဝ ရက်မှာ ယာဉ်သွားလာမှုတွေကို ပြန်လည်ခွင့်ပြုခဲ့တဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။

သံလွင်မြစ်ရေ တက်လာမှုကြောင့် ရန်ကုန်-ဘားအံ-မော်လမြိုင်-မြဝတီမြို့တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းနေရာတချို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ကုန်စည် စီးဆင်းမှုတွေ ပြတ်တောက်ခဲ့တဲ့အတွက် လောင်စာဆီဈေးနှုန်းတွေနဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ​ မြင့်တက်ခဲ့တာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013