
ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ နွားကျောင်းနေတဲ့ နွားကျောင်းသား ၂ ယောက်ကို စစ်အာဏာရှင်တပ်က ဇူလိုင် ၂၁ ရက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ကိုဗညားက ဇူလိုင် ၂၃ ရက်မှာ အတည်ပြုပါတယ်။
နွားကျောင်းသား ၂ ယောက်က စစ်တပ်ပစ်ခတ်တာ ခံရပြီး တယောက်က ထိခိုက်ဒဏ်ရာရသွားပြီး ပြန်ရောက်ပေမဲ့ နောက်တယောက်ကတော့ ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ကိုဗညားက “တယောက်ကတော့ ပြန်ရောက်လာတာပေါ့။ ပစ်ခတ်ခံရလို့ ထိခိုက်မိတာရှိတယ်။ တယောက်ကတော့ ပျောက်တယ်လို့ ပြောတယ်။ သေတယ်လို့တော့ အတည်ပြုမရဘူး။ ဒါပေမဲ့ ပျောက်ဆုံးသွားရင်တော့ သေနိုင်ခြေများတယ်” လို့ ပြောပါတယ်။
စစ်တပ်က စစ်ဘေးရှောင်ပြည်သူတွေ ရှိနေတဲ့ ဖရူဆိုမြို့နယ်ထဲကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေသလို လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ သေနတ်နဲ့ လိုက်လံပစ်ခတ်တာတွေလည်း ရှိလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေပါတယ်။
ဇူလိုင် ၁၅ ရက်က ဖရူဆိုလမ်းတနေရာမှာ သွားလာနေတဲ့ ပြည်သူကို ဒရုန်းနဲ့ ဗုံးကြဲလို့ ပြည်သူတယောက် သေဆုံးခဲ့ပါတယ်။
ဇွန် ၃ဝ ရက်ကလည်း ဖရူဆိုအနောက်ခြမ်း တနေရာကို လေကြောင်းကနေ ဗုံးကြဲလို့ ကျောင်းသူတယောက် ထိခိုက်မိပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။











