
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဇုန်ထဲမှာ အလုပ်လုပ်နေတဲ့ စစ်ရှောင်လူငယ် ၃ ယောက်ကို ဇွန် ၁၄ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇေကမ္ဘာစက်မှုဇုန်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ပန်းရန်လုပ်နေတဲ့ လူငယ် ၃ ယောက်ကို စက်မှုဇုန်အထွက် မုခ်ဦးနားမှာ စစ်အာဏာရှင်တပ်က ကားပေါ်ခေါ်တင်ပြီး ဖမ်းသွားတာလို့ မိသားစုနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မနေ့ည ၈ နာရီက ဇေကမ္ဘာမုခ်ဦးနားမှာ ဖမ်းခံရတာ၊ အားလုံး ၃ ယောက်။ ည ရပ်ကွက်က ၂ ယောက်၊ ရွှေပေါက်ကံက တယောက်။ ရပ်ကွက်က လူကြီးတွေက စုဆောင်းရေးကို လိုက်ဆိုလို့ အဲဒီတပ်ကိုလိုက်တာ ကလေးတွေမရှိဘူးဘဲ ပြောတယ်။”
ဖမ်းဆီးခံရသူ လူငယ် ၃ ယောက်မှာ ဇင်မင်းကို အပါအဝင် ၃ ယောက်ဖြစ်ပြီး လေးမျက်နှာမြို့နယ်က စစ်ရှောင်လာသူတွေ ဖြစ်ကာ မြောက်ဥက္ကလာပမြို့နယ်၊ ည ရပ်ကွက်နဲ့ ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက်မှာ နေထိုင်တာလို့ ဖြစ်စဥ်သိသူတယောက်က DVB ကို ပြောပါတယ်။
“ည ရပ်ကွက်မှာနေတဲ့ ကောင်လေး ၂ ယောက်၊ နာမည်မသိဘူး၊ ရွှေပေါက်ကံက ဖမ်းခံရတဲ့ ကောင်လေးက ဇင်မင်းကို၊ သုံးယောက်လုံး လေးမျက်နှာကနေ စစ်ရှောင်ပြီး ကြုံရာကျပန်း လုပ်နေတာ၊ အခုက ပန်းရန်သွားလုပ်ပြီးအပြန် အဖမ်းခံရတာ။”
လတ်တလောမှာ မိသားစုဝင်တွေက ပေါ်တာဆွဲ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ရပ်ကွက် ထောက်ခံချက်တွေနဲ့အတူ အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်၊ အမှတ် ၁ တန်းမြင့်သင်တန်းကျောင်းနဲ့ အမှတ် ၁ စုဆောင်းရေးတပ်ကို ဆက်သွယ်မေးမြန်းထားတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၂၆ အတွက် ရန်ကုန်က စက်မှုဇုန်တွေမှာ အလုပ်သွား အလုပ်ပြန် လူငယ်တွေကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းကို ပို့နေတာ ဖြစ်ပါတယ်။
လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ စစ်မှုထမ်းဥပဒေကို အာဏာရှင်စစ်ခေါင်းဆောင်ဟောင်းက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်ခေါ်ယူခဲ့ရာ အခုဆို အပတ်စဥ် ၂၆ ကို ရောက်လာပြီ ဖြစ်ပါတယ်။










