
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၅ မြို့နယ်မှာ ဆီစာအုပ်စနစ်နဲ့ အိမ်ထောင်စုတစုကို တလမှာ စားသုံးဆီ ၃ ပိဿာနှုန်း ရောင်းချပေးနေတယ်လို့ ဩဂုတ် ၂၁ ရက်မှာ စစ်အာဏာရှင်ခန့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ဒေါ်မေသန်းနွယ်က ပြောပေမဲ့ လက်တွေ့မှာတော့ မရဘူးလို့ ဒေသခံအရပ်သားပြည်သူတွေက ပြောပါတယ်။
ဩဂုတ် ၂၁ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ သုံးခွမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက စားသုံးသူ ပြည်သူတွေလက်ဝယ်သို့ စားသုံးဆီ ရောင်းချပေးဖို့ ခွဲတမ်းစနစ်ကို ဘယ်သူက စီမံဆောင်ရွက်နေတယ်ဆိုတာ သိလိုကြောင်း၊ စားသုံးသူတွေ လုံလောက်စွာ ရရှိရေးအတွက် ရောင်းချပေးသွားမဲ့ အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဦးလှဌေးက "တင်သွင်းလာတဲ့ ကုမ္ပဏီကနေ လူပုဂ္ဂိုလ်တဦးကို ကိုယ်စားလှယ်အဖြစ် ရောင်းတယ်။ အဲဒီလူကနေ အမြတ် ၂ ရာခိုင်နှုန်းယူပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တဆင့် ပြန်ရောင်းရတယ်။ ကိုယ်စားလှယ်က ပြည်သူကို တိုက်ရိုက် မရောင်းရပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၂ ရာခိုင်နှုန်း အမြတ်ယူပြီး ပြည်သူကို ပြန်ရောင်းပေးတယ်။ ပြည်သူက အဆင့်ဆင့်ပေါင်း ၄ ရာခိုင်နှုန်း အမြတ်ပေးပြီး ဝယ်ရတယ်။ နောက်တခုက ဆီရောင်းတဲ့အလုပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ အလုပ်ဖြစ်နေသလားဆိုတာ မေးချင်ပါတယ်" လို့ ပြောဆိုပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ရန်ကုန်တိုင်းအတွက် စားသုံးဆီ ခွဲတမ်းကိုတာ ၁၂,၀၀၀ မှ ၁၃,၀၀၀ လောက်အထိ ရရှိထားပြီး အဆိုပါဆီတွေကို မြို့နယ် ၄၅ မြို့နယ်ရှိ ပြည်သူတွေထံ မြို့နယ်အလိုက် စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေရဲ့ လက်ကား၊ လက်လီ ကိုယ်စားလှယ်တွေကနေ တဆင့် အိမ်ထောင်စုစာအုပ်စနစ်နဲ့ ဖြန့်ဖြူးရောင်းချပေးနေတာလို့ ဒေါက်တာ မေသန်းနွယ်က ပြောပါတယ်။
"ရန်ကုန်တိုင်းက ဩဂုတ်လအတွက် ခွဲတမ်းရတဲ့ ဆီကိုတာ ၁၂,၀၀၀ နဲ့ ၁၃,၀၀၀ ကြား ရပါတယ်။ ရတဲ့ဆီတွေကို မြို့နယ် ၄၅ မြို့နယ်မှာ ဆီစာအုပ်စနစ်နဲ့ အိမ်ထောင်စုတစ်စုကို ၃ ပိဿာနှုန်း ရောင်းပေးနေတာ ဖြစ်ပါတယ်။"
ဝန်ကြီးက တလလျှင် အိမ်ထောင်စုတစုကို စားသုံးဆီ ၃ ပိဿာ ရောင်းပေးနေတယ်လို့ ပြောနေပေမဲ့ လက်တွေ့မြေပြင်မှာ ရပ်ကွက်နဲ့ ကျေးရွာတွေမှာတော့ တလကို အရင်က ၂ ပိဿာနဲ့ လက်ရှိမှာ ၁ ပိဿာပဲ ရောင်းချပေးတော့တယ်လို့ မြောက်ဥက္ကလာပမြို့ခံတယောက်က ပြောပါတယ်။
"စားသုံးဆီတွေကို စာအုပ်စပြီး ရောင်းကတည်းက အခုချိန်ထိ ၃ ပိဿာ ရောင်းပေးတဲ့လလို့ကို မရှိပါဘူး။ တလကို ၂ ပိဿာရောင်းပေးတယ်၊ ၇ ရက်တကြိမ် ၅၀ သားနဲ့ ၄ ကြိမ် ပေးတာပါ။ ဆီဈေးတက်ပြီးနောက်ပိုင်း အခုဆိုရင် ၁၅ ရက်မှ တကြိမ် ၅၀ သားနဲ့ တလမှာ ၂ ကြိမ်ပဲ ပေးတော့တယ်။ ကြားထဲက ၁ ပိဿာက ဘယ်ရောက်သွားလဲဆိုတာ မေးချင်ပါတယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ဆန်၊ စားသုံးဆီ၊ ကြက်ဥ စတဲ့ အခြေခံစားသောက်ကုန်တွေကို တန်းစီစနစ်၊ စာအုပ်စနစ်တွေနဲ့ တန်းစီဝယ်ယူ စားသုံးနေကြရတာ ဖြစ်ပါတယ်။











