DVB Logo
Home
မြန်မာသတင်း
အောင်မြေသာစံ လူသတ်မှု ကျူးလွန်သူ ၂ ဦးကို CCTV နှင့် လက်ကိုင်ဖုန်းတို့မှ ခြေရာခံဖမ်းမိ
DVB
·
July 27, 2018
အောင်မြေသာစံ လူသတ်မှု ကျူးလွန်သူ ၂ ဦးကို CCTV နှင့် လက်ကိုင်ဖုန်းတို့မှ ခြေရာခံဖမ်းမိ
Donate to DVB

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှုအား ရဲတပ်ဖွဲ့က CCTV မှတ်တမ်း၊ သေဆုံးသူရဲ့ လက်ကိုင်ဖုန်း Call Log တွေကနေ ပြစ်မှုကျူးလွန်ခဲ့သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က အောင်မြေသာစံမြို့နယ် ၈၁ လမ်း၊ ၂၄x၂၅ လမ်းကြား၊ အကွက် ၁၇၃ ရှိ ၆ ထပ်တိုက်၊ ၆ လွှာမှာ လူသတ်မှုဖြစ်ပွားကြောင်း သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အခန်းအမှတ် (A-6) ကို စစ်ဆေးရာ အခန်းတံခါးပိတ်ထားတာကို တွေ့ရလို့ အော်ဟစ်ခေါ်ပေမယ့် ပြန်မထူးလို့ တံခါးသော့အား ရိုက်ချိုးဖွင့်ခဲ့တယ်၊ အခန်းမှာနေထိုင်တဲ့ ၇၃ နှစ်အရွယ် ဒေါ်ဥမ္မာကျော် အခန်းတွင်းရှိ တံခါးဝနားမှာ လဲလျောင်းနေတာကို တွေ့ရှိရတယ်၊ ဆက်လက်စစ်ဆေးရာ သမီးဖြစ်သူ မအေးမိဇော်(ခ)မမြသိင်္ဂီကျော် ၂၈ နှစ်မှာ နေအိမ်အိပ်ခန်းအတွင်းရှိ အခန်းပေါက်ဝမှာ ဝဲဘက်ရင်အုံအောက် ထိုးသွင်းဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေတာကို တွေ့ရှိရလို့ အောင်မြေသာစံမြို့မရဲစခန်း (ပ)၆၃၁/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ အရအမှုဖွင့်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

တရားခံတွေ ဖမ်းဆီးရမိရေး အထူးအမှုစစ်အဖွဲ့များဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူတွေရဲ့ ပုံရိပ်ကို CCTV မှတ်တမ်းနဲ့ သေဆုံးသူ မအေးမိဇော်ရဲ့ လက်ကိုင်ဖုန်းမှာ ကျန်ရှိတဲ့ Call Log တွေကို စစ်ဆေးရာ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ သန်းထွန်းရဲ့ လက်ကိုင်ဖုန်းနံပါတ်အား တွေ့ရှိပြီး လိုက်လံစုံစမ်းခြင်းရာမှ သန်းထွန်းရဲ့ တပည့်ဖြစ်သူ ချစ်ကောင်း (ခ)ကောင်းခန့် မဟာအောင်မြေမြို့နယ်နေသူအား ဇူလိုင် ၂၇ ရက်နေ့ မနက်အစောပိုင်း ၂ နာရီ ၁၅ အချိန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ချစ်ကောင်းကို အသေးစိတ် ဆက်လက်စစ်မေးရာ ပြစ်မှုကျူးလွန်ရာမှာ သူနဲ့အတူ သန်းထွန်း၊ သန်းထွန်းရဲ့ ဇနီးဖြစ်သူ မသီတာဦးတို့ ပါဝင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့လို့ မနက်  ၂ နာရီခွဲအချိန်မှာ မသီတာဦး ပုသိမ်ကြီးမြို့နယ်နေသူအား ထပ်မံဖမ်းဆီးခဲ့ပြီး တရားခံ သန်းထွန်းကိုတော့ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo : Mandalay Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013