
လက်ဘနွန်ဝန်ကြီးချုပ် နာဝပ်ဖ် ဆာလမ်က သူ့အစိုးရဟာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ထိပ်တိုက်တွေ့ဖို့ မရည်ရွယ်ပေမဲ့ လက်ရှိ လက်ဘနွန်က တိုက်ပွဲတွေကို အဆုံးသတ်ဖို့ အစ္စရေးနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေချိန်မှာ ခြိမ်းခြောက်ခံရတာကို လက်ခံမှာမဟုတ်ဘူးလို့ ဧပြီ ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆာလမ်က အခု အပတ်နှောင်းပိုင်း ဝါရှင်တန်မှာ ဆက်လက်ပြုလုပ်မဲ့ သံအမတ်အဆင့် တိုက်ရိုက်ဆွေးနွေးပွဲတွေ အတွက် မိတ်ဖက်နိုင်ငံအားလုံးရဲ့ အကူအညီ လိုအပ်တယ်လို့ ဆိုပါတယ်။
“လက်ဘနွန်သမ္မတက အစ္စရေးနဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့တာ ဖြစ်ပြီး ဒါဟာ စစ်နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ လက်ဘနွန်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်စိုးမှုအတွက် ကျနော် အပြည့်အဝ ထောက်ခံတဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် ဆာလမ်က ပြောပါတယ်။
သံတမန်နည်းလမ်းကို အသုံးပြုတာဟာ အားနည်းချက်ရဲ့ လက္ခဏာ မဟုတ်ဘဲ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ပြန်လည်ထူထောင်ဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် တာဝန်သိတဲ့ လုပ်ရပ်တခု ဖြစ်တယ် ဆိုတာကို ယုံကြည်လို့ ဒီလမ်းကြောင်းကိုပဲ လျှောက်နေတာပါလို့ ဆိုပါတယ်။
ဒါ့အပြင် “သူ့အစိုးရဟာ ဟစ်ဇ်ဘိုလာနဲ့ ထိပ်တိုက်မတွေ့ချင်ဘူး။ ထိပ်တိုက်မတွေ့ရအောင် ရှောင်ရှား ချင်တယ် ဆိုပေမဲ့လည်း ခြိမ်းခြောက်လို့တော့ မရပါဘူး။ ဟစ်ဇ်ဘိုလာနဲ့ နိုင်ငံတွင်း ပြည်တွင်းစစ် ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသူတွေကြောင့်တော့ နောက်ဆုတ်မှာမဟုတ်ဘူး” လို့ ပြောဆို ခဲ့ပါတယ်။
ဝါရှင်တန်ဆွေးနွေးပွဲရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်ဟာ လက်ဘနွန်မြေပေါ်ကနေ အစ္စရေးတပ်ဖွဲ့တွေ အားလုံး ပြန်လည်ရုပ်သိမ်းပေးဖို့ ဖြစ်တယ်လို့လည်း ဖြည့်စွက် ပြောပါတယ်။
ပြင်သစ်သမ္မတ မက်ခွန်းကလည်း ပြင်သစ်နိုင်ငံအနေနဲ့ လက်ဘနွန်ရဲ့ တိုက်ရိုက် ဆွေးနွေးမှု တွေအတွက် တတ်နိုင်သမျှ ကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
လက်ဘနွန်အစိုးရကလည်း ဒီဆွေးနွေးမှုတွေအတွက် ပြင်ဆင်နေပြီး နိုင်ငံအာဏာကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ဆိုပါတယ်။
ဆွေးနွေးမှုရဲ့ အခြေအနေအပေါ် မူတည်ပြီး လက်ဘနွန်စစ်တပ်ကို ပံ့ပိုးဖို့အတွက် အစည်းအဝေး တခုကိုလည်း ပြန်ကျင်းပနိုင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ဆွေးနွေးမှုမှာ ဘယ်သူတွေ ပါဝင်တယ်၊ မပါဝင်ဘူး ဆိုတာထက် အားလုံးပါဝင်လာနိုင်တာက ပိုအရေးကြီးတယ်လို့လည်း မက်ခွန်းက ပြောဆိုပါတယ်။
မကြာသေးခင်ကလည်း ဟော်မုဇ်ရေလမ်းကြောင်း ပြန်ဖွင့်ရေးအတွက် နိုင်ငံ ၄၉ နိုင်ငံ စုစည်း ပေးခဲ့သလိုမျိုး ဒေသတွင်းနဲ့ အနီးအနားရှိ နိုင်ငံတွေအားလုံးပါဝင်တဲ့ ဆွေးနွေးမှုက လက်ဘနွန် အတွက် အကျိုးရှိမယ်လို့ ပြောသွားပါတယ်။
Source: Reuters











