
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ဟာ အာရှ-ပစိဖိတ်ဒေသသို့ ထိုးဖောက် ဝင်ရောက်နေပြီး အာတိတ်ဒေသမှာ တင်းမာမှုတွေကို ဖန်တီးနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သြဂုတ် ၁၂ ရက်မှာ ပြောပါတယ်။
ပူတင်ဟာ ရုရှားနိုင်ငံရဲ့ အရှေ့ဘက်အစွန်ဆုံးကျွန်း ဆာခါလင်မှာ စစ်ရေးလေ့ကျင့်နေတာကို လေ့လာနေချိန်မှာ ခုလို ပြောလိုက်တာပါ။
အာရှ-ပစိဖိတ်ဒေသမှာ ဖြန့်ကြက်ဖို့ ရည်ရွယ်ထားတဲ့ လက်နက်စနစ်အသစ်တွေဟာ ရုရှားအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်လို့လည်း ပူတင်က ရုရှားရဲ့ ပစိဖိတ်ရေတပ် စစ်ရေးလေ့ကျင့်ခန်းတွေကို စစ်ဆေးနေချိန်အတွင်း ပြောခဲ့ပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာ ပဋိပက္ခဖြစ်နိုင်ခြေ ကြီးထွားလာနေပြီး နေတိုးတပ်ဖွဲ့တွေက ထိုးဖောက် ဝင်ရောက်နေတယ်လို့ ပူတင်က အလေးပေးပြောပါတယ်။
ရုရှားကုန်သွယ်ရေး သင်္ဘောတွေကို ဖမ်းတာနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂနိုင်ငံတွေကို ပင်လယ် ဓားပြမှုတွေနဲ့ ပူတင်က စွပ်စွဲခဲ့တယ်လို့ IFX သတင်းဌာနက ဖော်ပြပါတယ်။
အနောက်နိုင်ငံတွေက ရုရှားကုန်သွယ်ရေး သင်္ဘောတွေကို ဖမ်းဖို့လုပ်ဆောင်ရင် ရုရှားက အလားတူ တုံ့ပြန်မယ်လို့ ပူတင်က ပြောခဲ့တဲ့အကြောင်း TASS သတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters











