
အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်အစုအဖွဲ့အလိုက် ဒုတိယ သမ္မတလောင်းတွေရဲ့ အမည်စာရင်းတွေကို မတ် ၃၀ ရက် မနက်က ပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးတွေမှာ တင်သွင်းခဲ့ပါတယ်။
ရွေးကောက်ခံ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါက်တာကျော်ဆွေ (တစည) တို့ကို ဒုတိယသမ္မတလောင်းတွေအဖြစ် တင်သွင်းခဲ့ပါတယ်။
အလားတူ ရွေးကောက်ခံ အမျိုးသားလွှတ်တော် အစုအဖွဲ့က ဒေါ်နန်းနီနီအေး (ကြံ့ခိုင်ရေး) နဲ့ ဒေါက်တာတူးဂျာတို့ကို ဒုတိယသမ္မတလောင်းအဖြစ် တင်သွင်းခဲ့ကြပြီး ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်းကိုတော့ မသိရသေးပါဘူး။
အစုအဖွဲ့ ၃ ခုက တင်သွင်းလာတဲ့ ဒုတိယသမ္မတလောင်းတွေကို နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံခြင်း ရှိ မရှိ စိစစ်သွားဦးမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဒုတိယသမ္မတလောင်း ၂ ဦးစီ တင်သွင်းထားတာ ဖြစ်တဲ့အတွက် မနက်ဖြန် လွှတ်တော်အသီးသီးမှာ မဲခွဲဆုံးဖြတ်ပြီး ဒုတိယသမ္မတလောင်း တဦးစီကို ထပ်မံရွေးချယ်မှာ ဖြစ်ပါတယ်။











