
၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ပထမအဆင့် အသက်ဝင်ပြီးကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းကလေး ၂၆၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်အဲလ်ဒါး က ပြောပါတယ်။
ဂျီနီဗာမြို့တော်က သတင်းထောက်တွေအတွက် သတင်းစာရှင်းလင်းပွဲကို ဇွန် ၁၉ ရက်က အမ်မန်မြို့ကနေ ဗွီဒီယိုကတဆင့် ပြောရာမှာ UNICEF အကူအညီပေးရေး ဝါရင့်အတွေ့အကြုံရှိသူ အဲလ်ဒါးက သေဆုံးသူ အရေအတွက်ကို ထိတ်လန့်စရာကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။
ထိန်းချုပ်မှု၊ ကာကွယ်မှုတို့နဲ့ သတ်မှတ်ထားတဲ့ ၈ လကျော်ကြာတဲ့ ကာလအတွင်း ပျမ်းမျှအားဖြင့် နေ့စဉ် ကလေးတယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ အဲလ်ဒါးက ပြောပါတယ်။
ကလေးတွေဟာ စစ်မြေပြင်မှာ မဟုတ်ဘဲ သူတို့ရဲ့အိမ်တွေ၊ ကျောင်းတွေမှာ ဘောလုံးကန်နေရင်း ဒါမှမဟုတ် ငါးမျှားနေရင်း သေဆုံးရတာလို့ အဲလ်ဒါက ပြောပါတယ်။
အဲဒီသေဆုံးမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အစ္စရေးတပ်ဖွဲ့တွေကြောင့်လို့ သူက ပြောပါတယ်။
ဂါဇာမှာ လူသားချင်းစာနာမှုဆိုင်ရာ ဆိုးရွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ တိုးပွားလာနေချိန်မှာ ဒီထုတ်ဖော်ချက် ထွက်ပေါ်လာတာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး တွမ်ဖလက်ချာက ဂါဇာကမ်းမြောင်ဒေသက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဇွန် ၁၈ ရက်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဖလက်ချာက အကူအညီပေးရေးလုပ်သားတွေနဲ့ အရပ်သားတွေကို ချက်ချင်းကာကွယ်ပေးဖို့၊ ဂါဇာကို ဘေးကင်းလုံခြုံပြီး အတားအဆီးမရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်၊ ဂါဇာ နယ်စပ်ဖြတ်ကျော်ဂိတ်အားလုံးမှာ လုပ်ငန်းတွေကို ချက်ချင်းနဲ့ အပြည့်အဝ ပြန်လည်ထူထောင်ပေးဖို့နဲ့ ဂါဇာမှာ လွတ်လပ်စွာ သွားလာခွင့်တွေ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။










