DVB Logo
Home
မြန်မာသတင်း

နိုင်ငံတကာကုမ္ပဏီ ၇၅ ခု မြန်မာပြည်ကို ဘာကြောင့် ကျောခိုင်းသွားကြတာလဲ၊ အကျိုးဆက် ဘာတွေဖြစ်နိုင်မလဲ 

DVB
·
November 28, 2026
Photo : mmcmyanmarmotor
Photo : mmcmyanmarmotor
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်း နိုင်ငံတကာကုမ္ပဏီကြီးတွေ ဆက်တိုက်ထွက်ခွာနေပြီး အခု နိုဝင်ဘာ တလတည်းအတွင်းမှာပဲ နာမည်ကြီးကုမ္ပဏီကြီး ၄ ခု ရပ်ဆိုင်းဖို့ ထပ်မံကြေညာလာတာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းရပ်ဆိုင်းထွက်ခွာတာ စုစုပေါင်း ၇၅ ခုအထိ ရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၂ နှစ်ကျော် ဖွင့်လှစ်ခဲ့တဲ့ မလေးရှားအခြေစိုက် The Manhattan Fish Market က ဆိုင်ခွဲအားလုံးကို အပြီးတိုင်ပိတ်သိမ်းတော့မှာဖြစ်သလို ဂျပန်ကားကုမ္ပဏီ ISUZU ကလည်း ကုမ္ပဏီ ဖျက်သိမ်းဖို့ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ၁၆ နှစ်ကြာ လည်ပတ်ခဲ့တဲ့ ဗြိတိန်အခြေစိုက် Unilever က သူတို့ရဲ့ရှယ်ယာတွေကို ပြည်တွင်းကုမ္ပဏီ EAC လက်အောက်ခံ Centig Holding ဆီ ရောင်းချပြီး ၂၀၂၇ မှာ အပြီးသတ်ထွက်ခွာမှာဖြစ်သလို၊ ဆွစ်ဇာလန်အခြေစိုက် DKSH ကလည်း အိုဗာတင်းဖြန့်ဖြူးမှုကို ရပ်ဆိုင်းပြီး ပြည်တွင်း Mega ကုမ္ပဏီဆီ လွှဲပြောင်းလိုက်ပါတယ်။

DVB Data Team ရဲ့ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံကနေ ထွက်ခွာတာနဲ့ လုပ်ငန်းရပ်ဆိုင်းမှု စုစုပေါင်း ၇၅ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။

အဲဒီအထဲမှာ အပြီးသတ်ပိတ်သိမ်းသွားတာ ၅၄ ခု၊ ပိတ်သိမ်းမဲ့ အကြောင်း ကြေညာထားဆဲ ၁၂ ခုနဲ့ ဆောင်ရွက်ဆဲ ၉ ခု ပါဝင်ပါတယ်။ ကဏ္ဍအလိုက်ကြည့်ရင် အထည်ချုပ်ကဏ္ဍမှာ ၁၉ ခုနဲ့ အများဆုံးဖြစ်ပြီး စားသောက်ကုန်နဲ့ စားသောက်ဆိုင်ကဏ္ဍမှာ ၇ ခု ရှိနေပါတယ်။

နိုင်ငံတကာကုမ္ပဏီတွေ အခုလို ရေရှည်မရပ်တည်နိုင်ဘဲ ထွက်ခွာနေရတာဟာ ဗဟိုဘဏ်ရဲ့ တရားဝင်ငွေလဲနှုန်းနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးကြား ကွာဟနေတာ၊ လျှပ်စစ်မီးမရတာနဲ့ သွင်းကုန်လိုင်စင် အခက်အခဲတွေကြောင့်ဖြစ်တယ်လို့ ပြည်တွင်းစီးပွားရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။

"သူတို့ တရားဝင် online trading ဆိုပြီးတော့ ဗဟိုဘဏ် ဝက်ဘ်ဆိုက်မှာ တင်ထားတာ တဒေါ်လာကို ကျပ်  ၃,၆၆၀ ကိုး။ တကယ်တမ်း အပြင်မှာ ဖြစ်နေတာ အခု ကျပ်  ၅,၄၀၀ ဆိုတော့ ၂ ဆလောက် ကွာနေပြီ။ နောက် infrastructure ဆိုတော့ မြေဈေးကလည်း ကြီးတာ လန်ပျံထွက်၊ လျှပ်စစ်မီးကလည်း မရ။ ပြီးတော့ investment တွေက အခုက ရေရှည်ရပ်တည်ဖို့က အဆင်မပြေတော့ဘူးလေ။"

နိုင်ငံတကာကုမ္ပဏီတွေ ထွက်ခွာလာတာနဲ့ တရားဝင်ဖြန့်ဖြူးရေးလမ်းကြောင်းတွေ ပြောင်းလဲ လာတာဟာ လူသုံးကုန်နဲ့ ကျန်းမာရေးသုံးပစ္စည်းတွေရဲ့ ဖြန့်ဖြူးရေးအပေါ် သက်ရောက်နိုင်ပြီး တရားမဝင်တင်သွင်းမှုနဲ့ ပစ္စည်းအတုအပအန္တရာယ်တွေကိုလည်း စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာကုမ္ပဏီကြီးတွေ ထွက်ခွာသွားမှုဟာ နောက်ထပ်ဝင်ရောက်လာမဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ် သတိပေးတဲ့ သတင်းစကား ပေးလိုက်သလိုဖြစ်ပြီး အလုပ်သမားတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တခုလုံးကို ထိခိုက်စေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ ပြင်ပဆက်သွယ်ဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

"နိုင်ငံတကာကုမ္ပဏီတွေ ထွက်သွားတယ်ဆိုတဲ့ သဘောက ကျနော်တို့ဆီမှာ လုပ်ခင်းမသာဘူး၊ လုပ်လို့ကိုင်လို့ မကောင်းဘူးဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ နောက်ထပ်ဝင်လာမဲ့ သူတွေကိုလည်း သတင်းစကား ပေးလိုက်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့။ ပထမတချက်ကတော့ စီးပွားရေးတစုံလုံး ထိခိုက်နိုင်တယ်၊ နာမည်ထိခိုက်နိုင်တယ်။ ဒုတိယတချက်ကတော့ အဲဒီမှာလုပ်နေတဲ့ အလုပ်သမား တွေ၊ နောက်တခါ သူတို့ရဲ့ ကွင်းဆက်ထောက်ပံ့ရေးလမ်းကြောင်းတွေ အကုန် ဒုက္ခရောက် နိုင်ပါတယ်။"

မြန်မာနိုင်ငံမှာ လူငယ်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေဟာ ပုဂ္ဂလိကလုပ်ငန်းတွေကနေတဆင့် လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ ရယူနေရတာဖြစ်လို့ နိုင်ငံတကာကုမ္ပဏီတွေ ထွက်ခွာ သွားတာဟာ လူငယ်တွေအတွက်လည်း ဆုံးရှုံးမှုတခု ဖြစ်တယ်လို့လည်း ဦးအောင်သူငြိမ်းက ဆိုပါတယ်။

တဖက်မှာတော့ Unilever နဲ့ DKSH တို့လို ပြည်တွင်းကုမ္ပဏီတွေဆီ လုပ်ငန်းလက်လွှဲထား ခဲ့တာဟာ အခြေအနေကောင်းလာရင် ပြန်လာမယ်ဆိုတဲ့ ဗျူဟာတခုသာဖြစ်ပြီး၊ မြန်မာ့စီးပွားရေး ရေရှည်အလားအလာအတွက်ကတော့ မူဝါဒပိုင်း ပြုပြင်ပြောင်းလဲမှုတွေကသာ အဓိကကျတယ်လို့ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

“လက်လွှဲသွားတယ်ဆိုတာကတော့ သူတို့စဉ်းစားချက် ဗျူဟာတခုပေါ့နော်။ တချိန် အခြေအနေ ကောင်းရင် ပြန်လာမယ်ဆိုတဲ့ သဘောမျိုးဆန်ပါတယ်။ စီးပွားရေးကတော့ ဒီလိုမကောင်းဘူးဆိုတာ လူတိုင်းပြောနေတာပေါ့၊ လုပ်ရကိုင်ရခက်တယ်၊ ကျပ်တည်းတယ် ဒါတွေရှိပါတယ်။ ဆိုတဲ့အခါ ကျတော့ ဘယ်လိုမူဝါဒတွေ ပြင်မလဲဆိုတဲ့ ကိစ္စက အရေးကြီးပါတယ်။"

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လက ထွက်ရှိထားတဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာအရ မြန်မာ့စီးပွားရေးဟာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ၂ ဒသမ ၀ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်ပြုမှုဟာလည်း တနှစ်အတွင်း ၅၂ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပါတယ်။

ဒါ့အပြင် စည်းမျဉ်းစည်းကမ်း မရေရာမှုတွေ၊ သွင်းကုန်လိုင်စင်ရယူဖို့ ကြန့်ကြာမှုတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကြေင့် ပုဂ္ဂိလက ကဏ္ဍဟာ လုပ်ငန်းတိုးချဲ့နိုင်တာမျိုး မရှိဘဲ ရှင်သန်ရပ်တည်ရေးအတွက်ပဲ ရုန်းကန်နေရသလို တဖက်မှာလည်း စစ်မှုထမ်းဥပဒေနဲ့ ပြည်ပ ထွက်ခွာမှုတွေကြောင့် စီးပွားရေး လုပ်ငန်းတွေရဲ့ ၆၇ ရာခိုင်နှုန်းမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ 

၂၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် ပြည်တွင်းဝယ်လိုအား ကျဆင်းကာ နိုင်ငံ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး (၁၆ ဒသမ၄ သန်းခန့်) ဟာ နိုင်ငံတကာအဆင့် ဆင်းရဲနွမ်းပါးမှုပြ မျဉ်းအောက် ရောက်ရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။ 

မြတ်သဇင် 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013