
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ရေးအတွက် ယူနက်စကိုရဲ့ ICOMOS အဖွဲ့က မကြာမီ လာရောက်စစ်ဆေးဖို့ ရှိပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ရေးအတွက် မြန်မာအစိုးရက ကြိုးပမ်းနေတာပါ။
ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက် အချက်အလက် တင်သွင်းရတဲ့ Nomination Dossier File တွေကို ပြင်သစ်နိုင်ငံမှာရှိတဲ့ UNESCO ရုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က ပေးပို့ထားပါတယ်။
ဒီအချက်တွေကို အခြေခံပြီး ယူနက်စကိုရဲ့ ICOMOS အဖွဲ့က လက်ရှိ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း လာစစ်ဆေးဖို့ရှိတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံဌာနခွဲ) က ညွန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောပါတယ်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဇုန်ရေးဆွဲသတ်မှတ်ဖို့အတွက် ဇုန်နယ်နိမိတ်ရေးဆွဲရေး ၂၁ ဦးကော်မတီကို ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်ခဲ့ပါတယ်။
ဇုန်နယ်နိမိတ်ပြမြေပုံ ရေးဆွဲခဲ့တဲ့နေရာမှာ ရှေးဟောင်းအမွေအနှစ်ရှိတဲ့ နေရာတချို့မှာ အဝါရောင်ကြားခံ ဇုန်ခြယ်သထားပြီး၊ အမွေအနှစ် လွတ်ကင်းတဲ့နေရာမှာတော့ အနီရောင် အမွေအနှစ်ရှိရာ ဇုန်အဖြစ် သတ်မှတ်ထားမူတွေရှိခဲ့တယ်လို့ ပုဂံဒေသခံ ဦးချစ်ကိုကိုက ပြောပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ၁၉၉၆ ခုနှစ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် တင်ပြခဲ့ဖူးပြီး သတ်မှတ်ချက်မကိုက်ညီတဲ့အတွက် ပယ်ချခံရဖူးပါတယ်။
လက်ရှိပုဂံဒေသမှာ ကွန်ကရစ်တွေ ခင်းတာ၊ ရှုခင်းကြည့်၊ လူလုပ်ကုန်းတုတွေ တည်ဆောက်နေတာတွေဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးကို ထိခိုက်နိုင်တယ်လို့ ပုဂံဒေသခံတွေက ပြောပါတယ်။
UNESCO ရဲ့ ICOMOSအဖွဲ့ဟာ ပုဂံဒေသကို စစ်ဆေးဖို့ တရားဝင်ရော လျှို့ဝှက်အဖွဲ့တွေပါ စေလွှတ်ပြီး ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်မှာပါ။
ဒီဆုံးဖြတ်ချက်တွေကို အခြေခံပြီး၂၀၁၉ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် ယူနက်စကို အစည်းအဝေးမှာ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်သင့်၊ မသင့် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။










