DVB Logo
Home
Lead Story
နာဂအားလုံးရဲ့ အကျိုးအကြောင်းကို နာဂတွေ အားလုံးသိမှ အဖြေတခု ရှာလို့ရမယ်
DVB
·
July 20, 2018
နာဂအားလုံးရဲ့ အကျိုးအကြောင်းကို နာဂတွေ အားလုံးသိမှ အဖြေတခု ရှာလို့ရမယ်
Donate to DVB

နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ပြောခွင့်ရ ဦးကျော်ဝမ်းစိန်နှင့် မေးမြန်းချက်

နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) အနေနဲ့ မြန်မာအစိုးရ ကြိုးပမ်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပါဝင်လာဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ NSCN-K အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဦးကျော်ဝမ်းစိန်က ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ပြောကြားလိုက်ပါတယ်။

မေး - နာဂဆိုရှယ်လစ်ကောင်စီအနေနဲ့ အခု တတိယအကြိမ် ၂၁ ရာစုပင်လုံကို လာပြီးလေ့လာတဲ့အပေါ်မှာ ဘယ်လိုတိုးတက်မှုရှိလဲ။

ဖြေ - “အများကြီး တိုးတက်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုတခု တည်ထောင်တာက ဒီနိုင်ငံအတွင်းမှာ ရှိတဲ့သူတွေပေါ့လေ။ အားလုံးရဲ့ အခြေအနေတွေကို အစုံအလင် တတန်းတည်းကျအောင်၊ လူမျိုးစုအသီးသီးရဲ့ အခြေအနေ တတန်းတည်းကျအောင် လုပ်မယ်ဆိုတဲ့အခါကျတော့ ခက်ခဲမှုတော့ ရှိတာပေါ့။ သို့သော်လည်းပဲ တဖြည်းဖြည်းနဲ့ လုပ်လာရင်တော့ အကောင်အထည်တော့ ပေါ်သွားမယ်လို့တော့ အဲလိုတော့ မြင်ပါတယ်။”

မေး - အစိုးရကတော့ နာဂဆိုရှယ်လစ်ကောင်စီအနေနဲ့ အန်စီအေလမ်းကြောင်းပေါ် ရောက်လာဖို့ဆိုရင် အိန္ဒိယဘက်မှာ ရှိနေတဲ့ အဖွဲ့တွေနဲ့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အဖွဲ့တွေ သေချာပေါင်းစည်း ညှိနှိုင်းမှ အဆင်ပြေနိုင်မယ်။ ဒီလိုမှမဟုတ်ရင် အခက်အခဲ ရှိနိုင်တယ်လို့ ပြောတယ် ဆိုတော့ ဒီအခြေအနေကို ဘယ်လို ကျော်လွှားမလဲ။

ဖြေ - “အဲဒါလည်း မှန်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ခဏခဏ ပြောတယ်။ ဒီနှစ်နိုင်ငံကနေပြီးတော့ နာဂတွေအပေါ်မှာက နာဂလူမျိုးဆိုတာက တခုပဲရှိတယ်။ အဲဒီအပေါ်မှာ အိန္ဒိယနိုင်ငံရဲ့အစိုးရ ပြည်ထောင်စု၊ မြန်မာနိုင်ငံတော်ရဲ့အစိုးရ၊ အစိုးရ နှစ်ဖွဲ့ကနေ ကိုင်တွယ်ပြီး လုပ်ထားတဲ့ ဒီလူထုကို ကျနော်တို့က အဖွဲ့အစည်းတခုအနေနဲ့ သွားနေတာ။ အဲဒါဆိုတော့ အခုလောလောဆယ်မှာ ဖြစ်နေတဲ့ဟာကျတော့ နိုင်ငံတခုရဲ့ အတိုင်းအတာနဲ့ သွားတဲ့အခါကျတော့ နာဂအားလုံးရဲ့ အကျိုးအကြောင်းကို နာဂတွေ အားလုံးသိမှပဲ ကျနော်တို့က အဖြေတခု ရှာလို့ရမယ် ဆိုတာကို အဲဒီလို မြင်ရတယ်။”

မေး - ဒီဘက်မှာရှိတဲ့ အဖွဲ့က မြန်မာအစိုးရ ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပါလာခဲ့ရင် အိန္ဒိယဘက်မှာ ရှိနေတဲ့သူတွေရဲ့ကြားမှာရော ဘယ်လိုအခက်ခဲတွေ ရှိလာနိုင်လဲ။

ဖြေ - “အဲဒါကျတော့ ဒီလိုသဘောရှိတယ်။ အခု ကျနော်တို့ လုပ်နေတာက ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အတိုင်းအတာနဲ့ သွားနေတာ။ ဒါပေမယ့် အခု ကျနော်တို့ကို ပြောနေတဲ့ ကိစ္စကတော့ အိန္ဒိယမှာရှိတဲ့ နာဂနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ နာဂရဲ့ အရေးကိစ္စကို ပြောတယ်။ အဲဒီလိုဆိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ဖိတ်ခေါ်မှု၊ သူတို့ရဲ့ လမ်းဖွင့်ပေးမှုပေါ်မှာ တချက် မူတည်တယ်၊ ဒီ မြန်မာပြည်ဘက်ခြမ်းမှာ ရှိတဲ့သူတွေအတွက်၊ အိန္ဒိယဘက်မှာ ရှိတဲ့သူတွေကျတော့ ဟုတ်ကဲ့ ရတယ်လို့ ပြောမလား၊ မရဘူးလို့ ပြောမလား။ ဒါကတော့ ကျနော်တို့ ပြောလို့မရဘူး။ သို့သော် NSCN-K ဆိုတာက နာဂတခုလုံးရဲ့ ကိုယ်စားပြုအဖြစ်နဲ့ ပါတီလုပ်နေတဲ့အခါကျတော့ ကျနော်တို့ အားလုံးပေါ်မှာ လွှမ်းခြုံပြီးတော့ ပြောရခြင်း ဖြစ်တယ်။”

မေး - လက်ရှိအစိုးရ ဖော်ဆောင်နေတဲ့ အန်စီအေပေါ်မှာရော နာဂဆိုရှယ်လစ်ကောင်စီက ဘယ်လိုသဘောထားလဲ။

ဖြေ - “နိုင်ငံတခုရဲ့ အတိုင်းတာတခုအနေနဲ့ သွားနေတာ တကယ့်ကို ကောင်းပါတယ်။ ဒါ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတခုပါ။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ဆိုတော့ နိုင်ငံတခုအတွက် လုပ်သင့်လုပ်ထိုက်တဲ့လုပ်ငန်း ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ အဲဒီလို မြင်ပါတယ်။ ကျနော်တို့ လက်ရှိသွားနေတဲ့ နိုင်ငံရေးက၊ နိုင်ငံတော်ရဲ့ အစီအစဉ်က  အားလုံး ပြည်ထောင်စုစနစ် သွားရမယ်ဆိုတော့က အန်စီအေဆိုတာ နိုင်ငံတခုထဲမှာ ပါဝင်တဲ့သူတွေ အားလုံးက ထိုးသင့်ထိုးထိုက်တဲ့ကိစ္စ ဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။”

မေး - နာဂဆိုရှယ်လစ်ကောင်စီက အစိုးရဖော်ဆောင်နေတဲ့ အန်စီအေ လမ်းကြောင်းအတိုင်း သွားဖို့ဆိုရင် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဖို့လိုအပ်လား။

ဖြေ - “အဲဒါကျတော့ နိုင်ငံနှစ်ခု ဖြစ်သွားတဲ့အခါကျတော့ International level ဖြစ်သွားမယ်။ ဒီ့အတွက်ကြောင့်မလို့ အိန္ဒိယရဲ့ ထောက်ပံ့ကူညီမှုကတော့ ဖွံ့ဖြိုးမှုအပိုင်းနဲ့တော့ လိုတာ၊ မလိုတာတော့ နှစ်နိုင်ငံရဲ့သဘော ဖြစ်မယ်။ သို့သော်လည်းပဲ နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ အိန္ဒိယရဲ့ သဘောထားတွေ ပါလာတဲ့ဟာလည်း ရှိမယ်၊ မပါတာလည်း ရှိမယ်။ ဒါတော့ ကျနော်တို့ ပြောလို့တော့ မရဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013