
ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆို လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ဒီရက်ပိုင်းအတွင်း နယ်မြေကို ကင်းထောက်တဲ့ အခြေအနေကြောင့် နန်းမယ်ခုံနဲ့ ဒေါငံခါး တဝိုက်ကို ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ တော်လှန်တပ်ဖွဲ့တွေက အသိပေးထားပါတယ်။
စစ်တပ်ဟာ လွိုင်ကော်-ဒီးမော့ဆို လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် အင်အားဖြည့်တင်းနေသလို ဒရုန်းတွေအသုံးပြုပြီး ညမှာ နယ်မြေတွေကို ကင်းထောက်လှမ်းတာတွေကို ဒီရက်ပိုင်း ခပ်စိပ်စိပ် လုပ်ဆောင်နေတာပါ။
အထူးသဖြင့် နန်းမယ်ခုံနဲ့ ဒေါငံခါးတဝိုက်ကို စစ်တပ်က ကင်းထောက်လှမ်းနေတာဖြစ်ပြီး အဲဒီလမ်းကြောကို စစ်ကောင်စီက ပြန်ရမှသာ လွိုင်ကော်မြို့ပေါ်ကနေ သူတို့ရဲ့ ကျန်ရှိနေတဲ့ တပ်စခန်းတွေဆီကို ရိက္ခာနဲ့ အင်အားဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ အသွားအလာ ဂရုစိုက်ဖို့အပြင် စစ်ရေးသတိနဲ့ သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးနှိုးဆော်နေတာ ဖြစ်ပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က “သူတို့ ညညရောက်လို့ရှိရင် တိုးတိုးပြီးခိုးပြီးတော့ ရီကွန်ထောက်တဲ့ အနေအထားမျိုးမှာရှိတာပေါ့နော်။ အင်အားအလုံးအရင်းနဲ့ တိုးလာတဲ့ပုံစံတော့ မရှိသေးဘူး။ လက်နက်ကြီး ထုလာတာလည်း မရှိသေးဘူး။ ဒရုန်းကတော့ ၃ ရက် တခေါက် ၄ ရက် တခေါက်ကြဲတဲ့ အနေအထားမျိုးမှာ ရှိနေတယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစပြီး စစ်ကောင်စီက ကရင်နီပြည်နယ်ထဲက ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ “ရန်နိုင်မင်း စစ်ဆင်ရေး”ကို အကောင်အထည်ဖော်နေတာမှာ မိုးဗြဲ၊ ဖရူဆို၊ ဘောလခဲ နဲ့ ဖားဆောင်းမြို့က စစ်တပ်နယ်မြေတွေကို ပြန်လည်စိုးမိုးထားပါတယ်။
ဒါကြောင့် စီးပွားရေးအရကော၊ စစ်ရေးအရကော အချက်အချာကျတဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ နေရာအများစုကို စစ်တပ်က ပြန်ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
စစ်တပ်ကတော့ လက်ရှိ သူ ရောက်နေတဲ့ နေရာအများစုမှာ အထိုင်ချတပ်စွဲပြီး နယ်မြေရှင်းလင်းတဲ့အနေနဲ့ အရပ်သားတွေရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဘောလခဲဘက်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
ဒါကြောင့် ဘောလခဲနဲ့ ဖရူဆို ပြည်ထောင်စုလမ်းမကြီးမှာရှိနေတဲ့ ကျေးရွာအများစု ရွာလုံးကျွတ် ရှောင်တိမ်းနေရပါတယ်။
ဘောလခဲ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “ဒေသခံတွေကတော့ အကုန်လုံးရှောင်ပြီးကုန်ပြီ။ အဲဒီ နန်းဖဲကျေးရွာက သူတို့ ရှောင်တာက ပြီးခဲ့တဲ့နှစ်နှစ် သုံးနှစ်ကတည်းက အခုအချိန်ထိ လုံးဝ ပြန်နေလို့မရတဲ့ အနေအထားရှိတာပေါ့။ နောက်တခြား နန်းဖဲရဲ့ အနီးနားကျေးရွာတွေလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်တာတို့၊ နောက်ပြီးတော့ ဒရုန်းနဲ့ လာကြဲတာတို့၊ လေကြောင်းတိုက်ခိုက်တာတို့ကြောင့် ရွာတွေထဲမှာမနေရဲဘဲ ရှောင်နေရတယ်” လို့ ပြောပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ KnHRG ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့မတ်လ တလအတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူ ၁၁ ယောက် သေဆုံးခဲ့ပြီး ၂၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။











