
စစ်ကိုင်းတိုင်း၊ ဘုတလင်နယ်အနောက်ခြမ်းမှာရှိတဲ့ ညောင်ကန်ရွာကို စစ်တပ်က ဧပြီ ၅ ရက် ဒီနေ့လယ်မှာ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်လို့ အရပ်သား ၂ ယောက် ဒဏ်ရာ အပြင်းအထန်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ဗုံး ၄ လုံး လာရောက်ကြဲချတာဖြစ်ပါတယ်။
ညောင်ကန်ရွာသားတယောက်က “စကောက်ဒရုန်း ၄ စီးနဲ့ကြဲချသွားတာဗျ။ ဘာတိုက်ပွဲမှမရှိဘဲကို ကြဲချသွားတာ။ အသက် ၆၅ နှစ်အရွယ်အမျိုးသားတဦး ကျောကုန်းပေါက်ထွက်ဒဏ်ရာနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး လည်ချောင်းပေါက်ထွက် ဒဏ်ရာရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်ဗျ” လို့ ပြောပါတယ်။
အဲဒီဒရုန်းတွေဟာ Suicide ဒရုန်းတွေဖြစ်ပြီး မုံရွာမြို့ နမခစစ်တပ်အတွင်းကနေ လာတာလို့လည်း သိရပါတယ်။
အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဗုံးသီး ၄ လုံးကြဲချတာ ၃ လုံးပေါက်ကွဲပြီး တလုံးက မပေါက်ကွဲသေးဘူး။ ဘာကြောင့် လာကြဲချတာလဲဆိုတော့ NUG မြို့နယ်တရားရုံးကို လာကြဲချတာဖြစ်နိုင်တယ်။ သူတို့ကြဲချတာ နေရာမှားပြီး ကြဲချတာဖြစ်လိမ့်မယ်။ မဆိုင်တဲ့ ပြည်သူတွေထိခိုက်ရတာ စိတ်မကောင်းဖြစ်မိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကဟာ မတ် ၃၀ ရက်ကလည်း ဘုတလင်မြို့နယ်၊ ငပယင်းကျေးရွာက NUG အစိုးရရဲ့ ဆေးရုံကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲချလို့ ပြည်သူ ၅ ယောက် သေဆုံးခဲ့ပါသေးတယ်။










