
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးကျေးရွာမှာ ရုပ်အလောင်း ၂၅ လောင်းကို သြဂုတ် ၂၄ ရက်မှာ တွေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့နယ် မှော်ဝမ်းလေးကျေးရွာက ဒေသခံတွေဟာ တနှစ်ကျော်ကြာ စစ်ရှောင်ပြီးနောက် ပြန်လာနေထိုင်ဖို့ ရွာသန့်ရှင်းရေးလုပ်ချိန်မှာ ရုပ်အလောင်း ၂၅ လောင်းကို တွေ့ရှိခဲ့တာလို့ ဆို ပါတယ်။
ဒေသခံတယောက်က “စစ်တပ်ဘက်က တပ်စွဲနေခဲ့တာ။ သူတို့ အခုပြန်ဆုတ်သွားပြီး ဒေသခံတွေကို ပြန်နေထိုင်ခွင့်ပြုတာ ပြီးခဲ့တဲ့တပတ်က။ အခု ဒေသခံတွေက ရွာရှင်းလင်းရေးလုပ်တော့ အလောင်း တွေ မြှုပ်ထားတာကို တွေ့ကြတာ။ ဒေသခံတွေလည်း ပါနိုင်သလို သူတို့ရဲ့ သေဆုံးတပ်သား အလောင်းတွေလည်း ပါနိုင်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ဟာ ဖားကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန် ခဲ့တာဖြစ်ပြီး စစ်တပ်ဟာ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီး ရွာတို့မှာ တပ်စွဲနေထိုင်ခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “သူတို့က အဲဒီမှာ တပ်စွဲခဲ့တာဗျ။ အခုက သူတို့ တပ်ပြန်ဆုတ်သွားတော့ ရွာသူရွာသားတွေကို ပြန်နေထိုင်ခွင့်ပြုတာပေါ့နော်။ ပြန်လာတဲ့ရွာသားတွေ ရွာဥက္ကဋ္ဌကို စာရင်းပေးပေါ့။ ပြီးရင် နှစ်ဖက်အဖွဲ့အစည်းကို စာရင်းပြန်ပို့ပေါ့။ နားလည်မှုနဲ့ ပြန်လာနေကြတာ။ အလောင်းတွေထဲမှာ ပြည်သူ့စစ်အလောင်းတွေလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
တူးဖော်တွေ့ရှိထားတဲ့ ရုပ်အလောင်း ၂၅ လောင်းဟာ အဲဒီရွာက ဒေသခံတွေ ဟုတ်၊ မဟုတ်နဲ့ ဘယ်သူတွေ ဆိုတာကို မသိရသေးလို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မှော်ဝမ်းကလေးကျေးရွာကို စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၊ SNA ပြည်သူ့စစ် တပ်ဖွဲ့ဝင် တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အရပ်သားနေအိမ် အလုံး ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး တပ်စွဲနေခဲ့တာ ဖြစ်ပါတယ်။











