
နေပြည်တော်မှာ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချတာ ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်က တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘစ်ရှော့ပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပြီး ၅ နှစ်ကျော်အကြာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချတဲ့ အစီရင်ခံစာကို ဇွန် ၁၉ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြရာမှာ တောင်းဆိုသွားတာပါ။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြောကြားခဲ့တဲ့ ဘစ်ရှော့ပ်ရဲ့ မိန့်ခွန်းဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မစ္စဘစ်ရှော့ပ်က "သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အစီရင်ခံချက်မျိုး မရရှိတာ နှစ်နဲ့ချီနေပါပြီ။ ဒီနေ့ကျရောက်တဲ့ သူ့ရဲ့ ၈၁ နှစ်မြောက် မွေးနေ့မှာ သူ့ကို ပြန်လည်လွှတ်ပေးဖို့ ကျမနဲ့အတူ ပူးပေါင်းတောင်းဆိုကြဖို့ တိုက်တွန်းချင်ပါတယ်။ လူအများစုရဲ့ အမြင်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရသရွေ့ ငြိမ်းချမ်းရေးအတွက် တိုးတက်မှု ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
မစ္စဘစ်ရှော့ပ်ဟာ မြန်မာနိုင်ငံကို စတုတ္ထအကြိမ်မြောက် သွားရောက်ခဲ့တဲ့ သံတမန်ရေးရာ ခရီးစဉ်အတွင်း စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မကြာသေးမီက စစ်အာဏာရှင်က သမ္မတဦးဝင်းမြင့်ကို ပြန်လည်လွှတ်ပေးပြီး နိုင်ငံတကာရဲ့ အမြင်ကောင်းကို ရယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ တခြားသော ရွေးကောက်ခံ ခေါင်းဆောင်တွေကို ဆက်လက်ဖမ်းဆီးထားတာ လက်ခံနိုင်စရာမရှိကြောင်း ထောက်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မျက်ကွယ်ပြု ဖျောက်ဖျက်ထားစဉ်အတွင်း နေပြည်တော်ရှိ စစ်အာဏာရှင်နဲ့ စီးပွားရေး အကျိုးအမြတ်သက်သက်အပေါ် အခြေခံကာ ဆက်ဆံနေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ရပ်တန့်ကြဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တောင်းဆိုသွားပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ အထူးသံတမန် ဘစ်ရှော့ပ်က စစ်အာဏာရှင် ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံတဝန်း တရားဥပဒေစိုးမိုးမှု လုံးဝပျက်ပြားနေတဲ့ ဆိုးဝါးတဲ့ အခြေအနေတွေကိုလည်း အစီရင်ခံ တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ပြိုလဲလုနီးပါး ဖြစ်နေပြီး နက်ရှိုင်းလှတဲ့ မတည်ငြိမ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကွက်လပ်ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေက အသုံးချနေကြကြောင်း ပုံဖော်ပြောဆိုခဲ့သလို မြန်မာ့အရေးဟာ ဒေသတွင်း ပြည်တွင်းစစ် အကျပ်အတည်းသက်သက် မဟုတ်ဘဲ ဒီနောက်ဆက်တွဲ ဆိုးကျိုးတွေက မြန်မာ့နယ်စပ်တွေကို ကျော်လွန်ကာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ဖြစ်စေဖို့ တွန်းပို့နေကြောင်း ဘစ်ရှော့ပ်က သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခဆင်းရဲ အကျပ်အတည်းနဲ့ ရာဇဝတ်မှုတွေဟာ ကမ္ဘာ့စံချိန်တင် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေတယ်၊ မြန်မာနိုင်ငံမှာ စက်မှုဇုန်တခုလို အတိုင်းအတာနဲ့ လုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှု (Scam) လုပ်ငန်းတွေ ကျူးလွန်ရာ ဒေသတခု အဖြစ် ပြောင်းလဲသွားခဲ့တယ်၊ ဒီလုပ်ငန်းတွေရဲ့ လူကုန်ကူးကွန်ရက်တွေဟာ အာဖရိကအထိ ကျယ်ပြန့်လာပြီး အမေရိကန်၊ အာရှနဲ့ ဥရောပတို့မှ သားကောင်တွေကို ကမ္ဘာလုံးဆိုင်ရာ ပစ်မှတ်ထား လိမ်လည်နေကြတယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အဆင့်မြင့် စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်းဖြူတို့ကို နိုင်ငံတကာကို အဓိက ထောက်ပံ့နေတဲ့နိုင်ငံ ဖြစ်လာသလို တချိန်တည်းမှာပဲ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု ကမ္ဘာ့အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေအတွက် သေဆုံးမှုအများဆုံးနှစ်အဖြစ် တရားဝင် စံချိန်တင်ခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ကလေးသူငယ်တွေ သေဆုံးရတဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ မစ္စဘစ်ရှော့ပ်ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရတဲ့ ထိပ်သီး ၆ နိုင်ငံ စာရင်းထဲ ကျရောက်သွားခဲ့ကာ နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ပြည်သူ ၃ ဒသမ ၇ သန်းကျော် ရှိနေပြီး အိမ်နီးချင်း ဒေသတွင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံသူ ၁ ဒသမ၆ သန်း ရှိနေကာ ဒီအထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေး ပုံမှန်အခြေအနေကို ပြန်လည်ကူးပြောင်းနေပြီဆိုတဲ့ နေပြည်တော် စစ်အာဏာရှင်ရဲ့ ပြောကြားချက်တွေကို အထူးသံတမန်ရဲ့ မိန့်ခွန်းထဲမှာ ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။
စစ်တပ်ရဲ့ လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရတယ်ဆိုတဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း ဒီလုပ်ငန်းစဉ်ဟာ ဒီမိုကရေစီကို ဦးတည်တဲ့ လမ်းကြောင်းမဟုတ်ဘဲ ပြည်သူလူထုအပေါ် စစ်တပ်ရဲ့ အာဏာစက်ကို ပိုမိုခိုင်မာစေဖို့ လုပ်ဆောင်တာသာဖြစ်ကြောင်း ဘစ်ရှော့ပ်က မှတ်ချက်ပြုခဲ့တဲ့အပြင် ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ကူညီပံ့ပိုးတာ၊ ရန်ပုံငွေထောက်ပံ့တာ ဒါမှမဟုတ် စောင့်ကြည့်လေ့လာတာတို့ကို လုံးဝငြင်းဆန်ခဲ့ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဂျူလီဘစ်ရှော့ပ်က "မြေပြင်က လူအများစုရဲ့ ပြောပြချက်အရ တင်းကျပ်တဲ့ လုံခြုံရေးတွေ ရှိနေတာ၊ မဲပေးခွင့်ရှိသူ အရေအတွက် လျော့နည်းသွားတာ၊ အဓိက နိုင်ငံရေးပါတီတွေကို ဖယ်ထုတ်ထားတာ၊ မဲပေးသူ ရာခိုင်နှုန်း နည်းပါးတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကြားထဲကနေ မဲရုံတွေ ဖွင့်လှစ်ခဲ့တာတွေကို တွေ့ရပါတယ်" လို့ အစီရင်ခံသွားပါတယ်။
ခြုံငုံသုံးသပ်ရရင် ရွေးကောက်ပွဲရလဒ်ဟာ အရပ်သားအစိုးရဆီ အာဏာလွှဲပြောင်းတာ မဟုတ်ဘဲ စစ်တပ်အတွက် အာဏာချုပ်ကိုင်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်တာလို့ပဲ မြန်မာ့အရေး သက်ဆိုင်သူတွေက ရှုမြင်ကြတယ်လို့လည်း ပြောသွားပါတယ်။
ရှေ့ဆက်လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ မစ္စဘစ်ရှော့ပ်က ပြောကြားသွားတာမှာတော့ ဒေသတွင်း စည်းလုံးညီညွတ်မှုရဲ့ အရေးပါပုံကို အလေးပေးပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးသံတမန် ထရီဆာ လာဇာရိုနဲ့ ပူးပေါင်းဆောင်ရွက်နေမှု အပြင် ၂၀၂၇ ခုနှစ်မှာ အလှည့်ကျမဲ့ စင်ကာပူနိုင်ငံရဲ့ ဥက္ကဋ္ဌတာဝန်တို့ကို မျှော်မှန်းထားကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်တွေကို မြန်မာစစ်အာဏာရှင်က ဥပေက္ခာပြုထားတယ်လို့လည်း မစ္စဘစ်ရှော့ပ်က ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ ကုလသမဂ္ဂဟာ သူ့ရဲ့ အေဂျင်စီတွေ၊ ရန်ပုံငွေအဖွဲ့တွေနဲ့ အစီအစဉ်တွေကတဆင့် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေမှာဖြစ်ပြီး အကူအညီတွေကို ပေးအပ်သွားမှာပါ။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ပေးရမှာဖြစ်ပြီး သူတို့ရဲ့ ကူညီပါဆိုတဲ့ တောင်းဆိုသံတွေကို လမ်းညွှန်ချက်အဖြစ် မှတ်ယူ ဆောင်ရွက်သွားရပါမယ်။”
မြန်မာနိုင်ငံတွင်းမှာ ပြင်းထန်တဲ့ စစ်ဆင်ရေးတွေနဲ့ ၂၀၂၅ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှု ဒဏ်ရာဒဏ်ချက်တွေနဲ့ ကြုံတွေ့နေရပေမဲ့ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအတွက် အကူအညီပေးရေး ကွန်ရက်တွေကို ရုပ်သိမ်းမှာမဟုတ်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အစီရင်ခံစာကို အဆုံးသတ်ထားပါတယ်။










