
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရာချီဟာ ကြားဝင်စေ့စပ်ရေးမှူး ပါကစ္စတန်နဲ့ အိုမန်နိုင်ငံတို့ဆီ သွားပြီး နောက်တရက်အကြာ ဧပြီ ၂၇ ရက်မှာ ရုရှားနိုင်ငံဆီသွားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဖို့ စီစဉ်ထားတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
အာရာချီက တယ်လီဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ လေယာဉ်ပေါ်က ဆင်းလာပြီး ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကို ရောက်လာတာကို ပြသထားပါတယ်။
အာရာချီဟာ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဆွေးနွေးပွဲတွေအတွက် မထိုင်မီ ရုရှားအရာရှိတွေကို နှုတ်ဆက်နေတာကို တွေ့ရပါတယ်။
ဗီဒီယိုရိုက်ထားတဲ့ ရက်စွဲနဲ့ နေရာကို သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပေမဲ့ ဧပြီ ၂၇ ရက် မတိုင်မီ အွန်လိုင်းမှာတင်ထားတဲ့ ဗီဒီယိုရဲ့ အရင်မူကွဲပုံစံကို မတွေ့ရသေးပါဘူး။
စိန့်ပီတာစဘတ်မြို့ဆီ ခရီးစဉ်အတွင်း အီရန်-အမေရိကန် ပဋိပက္ခ အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ဒေသတွင်း ကိစ္စရပ်တွေကို ရုရှားအရာရှိတွေနဲ့ ဆွေးနွေးမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့တာ အပါအဝင် သဘောတူညီချက်အတွက် အတားအဆီးတွေကို ဖယ်ရှားသင့်တယ်လို့ အီရန်အစိုးရက ပြောပြီးတဲ့နောက်မှာ အီရန်ဟာ နှစ်လကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ညှိနှိုင်းချင်ရင် ဖုန်းခေါ်ဆိုနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၂၆ ရက်မှာ ပြောခဲ့တာပါ။
အီရန်ဟာ နျူကလီးယားလက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့လည်း ထရမ့်ပ်က အလေးပေး ပြောခဲ့ပါတယ်။
Source: Reuters











