
ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဧပြီ ၂၀ ရက်မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။
ဖိလစ်ပိုင်ကျွန်းစုက နေရာအများအပြားမှာ မေ ၈ ရက်အထိ ကျင်းပမဲ့ စစ်ရေးလေ့ကျင့်မှုတွေထဲမှာ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်နဲ့ နယူးဇီလန်တို့အပါအဝင် နိုင်ငံ ၇ နိုင်ငံက တပ်ဖွဲ့ဝင် ၁၇,၀၀၀ ကျော် ပါဝင်လေ့ကျင့်မှာပါ။
အမေရိကန်တပ်ဖွဲ့ဝင်အင်အားက ၁၀,၀၀၀ နီးပါးရှိပြီး ဒါဟာ ဖိလစ်ပိုင်အစိုးရနဲ့ အပြန်အလှန် ကာကွယ်ရေးစာချုပ်အပေါ် အမေရိကန် အစိုးရရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ထင်ဟပ်စေတယ်လို့ အမေရိကန်ရေတပ်ရဲ့ တပ်မှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခရစ္စယံဝေ့ါတ်မဲန်းက ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်တဲ့ ဖိလစ်ပိုင်ပြည်သူတွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရုပ်တုကို မီးရှို့ပြီး ဆိုင်းဘုတ်တွေကို ဝှေ့ယမ်းဆန္ဒပြခဲ့ကြပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေက ဖိလစ်ပိုင်အစိုးရကို အမေရိကန်ပဋိပက္ခတွေထဲ ဆွဲသွင်းနိုင်တယ်လို့လည်း ဆန္ဒပြပြည်သူတွေက သတိပေးခဲ့ကြပါတယ်။
ပိုရန်လိုတဲ့ လုပ်ရပ်တွေ လုပ်တယ်လို့ ဖိလစ်ပိုင်က တရုတ်ကို စွပ်စွဲထားတဲ့ တောင်တရုတ်ပင်လယ် မှာ ဖိလစ်ပိုင်အစိုးရနဲ့ တရုတ်အစိုးရတို့ တင်းမာမှုတွေ မြင့်တက်လာတဲ့ကြားမှာ စစ်ရေး လေ့ကျင့်မှု တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမိယိုဘရော်နာဂျူနီယာက “ဒါက ကျနော်တို့ရဲ့ စစ်ဆင်ရေးညှိနှိုင်းမှုရဲ့ အနက်အရှိုင်းကို ထင်ဟပ်စေတယ်”လို့ ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်ပွဲမှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က မြေပြင်ကနေ သင်္ဘောဆီ တိုက်ရိုက် ပစ်ခတ်တဲ့ Type 88 ဒုံးကျည်ကို ပထမဆုံးအကြိမ် ပစ်ခတ်လေ့ကျင့်မှာပါ။
Source:Reuters











